MySport Myanmar

နှစ်ရှည် ဖလားလက်မဲ့ ဖြစ်နေတဲ့ မြို့ခံပြိုင်ဘက်ကို နောက်ပြောင်မှုတွေ ပြုလုပ်မိခဲ့တဲ့ အာဆင်နယ်

ကမ္ဘာ့ဘောလုံးဇာတ်ခုံမှာ တကယ့်ကို ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ မြို့ခံအသင်းတွေ ရှိတတ်ကြသလို ဒီလို မြို့ခံဒါဘီထဲမှာ NLD (North London Derby) လို့ လူသိများကြတဲ့ အာဆင်နယ်နဲ့ စပါးအသင်းတို့ရဲ့ မြောက်လန်ဒန်ဒါဘီလည်း အပါအဝင်ပါပဲ။ လန်ဒန်မြို့ အခြေစိုက် အသင်းနှစ်သင်းရဲ့ ပြိုင်ဆိုင်မှုတွေက ကွင်းအတွင်းမှာသာမကပဲ ကွင်းအပြင် ကိစ္စရပ်တွေမှာပါ အမြဲပြိုင်ဆိုင်တတ်ကြသလို တစ်သင်းနဲ့ တစ်သင်းလည်း နောက်ပြောင်မှု လှောင်ပြောင်မှုတွေပါ ပြုလုပ်တတ်ကြပါတယ်။

Photo Credit : The Sun

အာဆင်နယ်နဲ့ စပါးအသင်းတို့ဟာ ကွင်းအတွင်း ထိပ်တိုက်တွေ့ဆုံ အပိုင်းမှာပါ အကြိတ်အနယ် ရှိကြတာ မဟုတ်ပဲ အသင်းပရိသတ်တွေကြား ပြိုင်ဆိုင်မှုတွေအပြင် အသင်းနှစ်သင်းရဲ့ သမိုင်းကြောင်းနဲ့ လက်ရှိအခြေအနေအရ ပြိုင်ဆိုင်မှုတွေလည်း ရှိတတ်ကြပါတယ်။ နောက်ပြီး အသင်းနှစ်သင်းရဲ့ကြားမှာ အသင်းတွေရဲ့ အားနည်းချက်ကိုယ်စီကို လှောင်ပြောင်တတ်ကြတာမျိုးလည်း ရှိကြပါတယ်။ အထူးသဖြင့် အာဆင်နယ်အသင်းဆိုရင် ပရီးမီးယားလိဂ် စတင်ပြီးနောက်ပိုင်းမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပေမယ့် ဒီဘက်နောက်ပိုင်း အသင်းက အကျပိုင်း ရောက်လာရတာမျိုးနဲ့ စပါးအသင်းရဲ့ ဆယ်စုနှစ်တစ်ခုကျော်အထိ ဖလားလက်မဲ့ ဖြစ်နေရခြင်းမျိုးတွေအပေါ် အသင်းပရိသတ်တွေ အချင်းချင်း လှောင်ပြောင်တတ်ကြလေ့ ရှိပါတယ်။

Photo Credit : The Sun

အခုလည်း ဒီလို အားနည်းချက်တွေအပေါ် လှောင်ပြောင်မှုမျိုးကို အသင်းပရိသတ်ကြားမှာတင် မကပဲ အသင်းနှစ်သင်းကြားမှာပါ လုပ်ဆောင်မှုတွေ ရှိလာခဲ့ပါတယ်။ ဒီလို နောက်ပြောင်မှုကို လုပ်ဆောင်လာခဲ့တာက အာဆင်နယ်အသင်းဖြစ်ပြီး သူတို့အသင်းရဲ့ တရားဝင် Website ပေါ်က Shop ဆိုတဲ့ အာဆင်နယ်အသင်းနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို ရောင်းချတဲ့နေရာမှာ Website အသုံးပြုသူရဲ့ စျေးဝယ်ခြင်းအတွင်း ပစ္စည်းတစ်ခုမှ ထည့်သွင်းရခြင်း မရှိသေးချိန် “မင်းရဲ့စျေးဝယ်ခြင်းက စပါးအသင်းရဲ့ ဆုဖလားတွေ ပြသထားတဲ့ အခန်းလိုပဲ ဗလာနတ္တိ ဖြစ်နေရတယ်” ဆိုတဲ့ စာသားတစ်ခုကို ဖော်ပြထားခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းရဲ့ တာဝန်ရှိသူများကတော့ ဒီလို စာတန်း ပေါ်လာဖို့အတွက် တရားဝင် ခွင့်ပြုထားခြင်း မရှိတာကြောင့် ဖယ်ရှားသွားမယ်လို့ ပြောဆိုခဲ့သလို လက်ရှိမှာလည်း ဒီလို နောက်ပြောင်ထားတဲ့ စာတန်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်အသင်း တာဝန်ရှိသူများက ဒီလို နောက်ပြောင်တဲ့ အဓိပ္ပာယ်ပါနေတဲ့ စာတန်းကို အသင်းပိုင် Website မှာ ဖော်ပြလိုက်မိတာက သင့်လျော်တဲ့ စစ်ဆေးမှုတွေနဲ့ အတည်ပြုချက် မပါပဲ အမှားအယွင်းတွေနဲ့သာ တင်မိခဲ့တာလို့ ပြန်လည်ဖြေရှင်းထားခဲ့ပြီး ချက်ချင်းဆိုသလိုပဲ ပြန်လည်ဖယ်ရှားသွားခဲ့ပါတယ်။

Exit mobile version