အာဆင်နယ်အသင်းရဲ့နည်းပြဖြစ်သူ မီခေးလ်အာတီတာက သူရဲ့အသင်းအနေနဲ့ အသင်းရဲ့အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ တိုက်စစ်ကစားသမား အူဘာမီယန်းကို လာမယ့်နွေရာသီမှာ အသင်းကနေ ရောင်းထုတ်ဖို့ စီစဉ်နေမှုအပေါ်မှာ စိတ်ပျက်လျက်ရှိနေပြီး အသင်းနဲ့ စာချုပ်သက်တမ်း သိပ်မကျန်ရစ်တော့ပေမယ့်လည်း အူဘာမီယန်းကို အသင်းမှာ ဆက်လက်ရှိနေဖို့ကိုသာ ဆက်လက်ကြိုးပမ်းသင့်ပြီး သူကတော့ အူဘာမီယန်းကို အာဆင်နယ်မှာ ဆက်လက်တွေ့မြင်ရဖို့ အသင်းတာဝန်ရှိသူဆီ တောင်းဆိုသွားမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Sun

အသက်၃၀အရွှယ်ရှိပြီဖြစ်တဲ့ ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမား အူဘာမီယန်းဟာ ဒေါ့မွန်ကနေ အာဆင်နယ်အသင်းဆီကို ရောက်ရှိလာပြီးနောက်ပိုင်းကတည်းက အသင်းရဲ့တိုက်စစ်မှာ အားအထားရဆုံး ကစားသမားတစ်ယောက်အဖြစ် ရပ်တည်လာနိုင်ခဲ့ပေမယ့် သူရဲ့ခြေစွမ်းက ကောင်းသလောက် သူရဲ့အာဆင်နယ်အသင်းကတော့ အောင်မြင်မှုတွေနဲ့ အလှမ်းဝေးဆဲဖြစ်နေကာ အသင်းရဲ့အမြင့်မားဆုံး မျှော်လင့်ချက်တစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မှာလည်း လာမယ့်ရာသီအထိတောင် မသေချာမရောရာဖြစ်နေတာကြောင့် အူဘာမီယန်းဟာ အာဆင်နယ်ကို စွန့်ခွာသွားဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။

Photo Credit : The Sun

ဒီလိုအခြေအနေတွေရှိနေတဲ့ အူဘာမီယန်းကို ဘာစီလိုနာအသင်းနဲ့ အင်တာမီလန်အသင်းတို့ကနေ စောင့်ကြည့်နေလျက်ရှိပြီး နှစ်သင်းလုံးကလည်း လာမယ့်ရာသီမှာ တိုက်စစ်ပိုင်းအင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ကြမှာဖြစ်လို့ နွေစျေးကွက်မှာ အူဘာမီယန်းကို ကမ်းလှမ်းလာနိုင်ပါတယ်။ အူဘာမီယန်းဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၁၆လသာ ကျန်ရှိတော့တာဖြစ််ပြီး တကယ်လို့များ အသင်းနဲ့ သက်တမ်းမတိုးသေးပဲ အသင်းမှာ ဆက်လက်ရှိနေမယ်ဆိုရင် သက်တမ်းကုန်ချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ဆုံးရှံးရနိုင်တာကြောင့် အာဆင်နယ်ဘုတ်အဖွဲ့ဝင်တွေက လာမယ့်နွေမှာ အူဘာကို အသင်းကနေ ရောင်းချချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စအပေါ်မှာ နည်းပြအာတီတာက လက်မခံပဲ ဒီရာသီမကုန်ခင်မှာ အူဘာမီယန်းနဲ့ စာချုပ်ကိစ္စကို အဆင်ပြေနိုင်အောင် ထပ်မံကြိုးပမ်းသင့်တယ်လို့ အကြံပြုသွားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအနေအထားတွေကြောင့် အူဘာကို အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့က ခက်ခဲလွန်းတယ်လို့ အာတီတာက ဝန်ခံသွားခဲ့ပါတယ်။