အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခဲလ်အာတီတာက အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား နီကိုလပ်စ်ပေပေအနေနဲ့ လက်ရှိမှာ ခြေစွမ်းကောင်းတွေ ပြန်လည်ပြသပြီး အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနေတယ် ဆိုပေမယ့်လည်း လက်ရှိခြေစွမ်းကိုတော့ ဆက်ထိန်းထားဖို့ လိုအပ်မှာဖြစ်ကာ တကယ်လို့ ခြေစွမ်းကျဆင်းလာခဲ့မယ်ဆိုရင် အသင်းရဲ့ ပွဲထွက်လူစာရင်းကနေ ပြန်လည်ချန်လှပ်ရလိမ့်မယ်လို့ သတိပေးပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Express

အသက်(၂၅)နှစ်အရွှယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် တောင်ပံကစားသမား ပေပေဟာ လိုင်လီအသင်းကနေ အာဆင်နယ်အသင်းဆီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၇၂)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် အသင်းမှာတော့ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရသလို ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်မှုမရှိတဲ့ ကစားသမားတစ်ယောက်အဖြစ်နဲ့ပါ ဝေဖန်ခံနေရသူလည်းဖြစ်ပါတယ်။ ဒါပေမယ့် ပေပေဟာ နောက်ပိုင်းပွဲစဉ်တွေမှာတော့ အသင်းအတွက် ပုံမှန်ခြေစွမ်းတွေ ပြသနေသလို ဆလားဗီးယားပရပ်ဂ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာလည်း ဒီရာသီ အသင်းအတွက် (၁၀)ဂိုးမြောက် သွင်းဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : Arseblog News

အခုလို ခြေစွမ်းကောင်းတွေ ပြန်လည်ပြသနေတဲ့ ပေပေနဲ့ပတ်သက်ပြီး အာတီတာက “ပေပေမှာက အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် မယုံကြည်နိုင်စရာ စွမ်းဆောင်ရည်တွေ ရှိနေတယ်ဆိုတာကို ကျွန်တော်တို့အားလုံး သိထားကြပါတယ်။ ဒါတွေ ရရှိလာဖို့အတွက်ကိုလည်း သူ့ကို ကျွန်တော်တို့ဘက်ကနေ အရာအားလုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါပေမယ့် အရာအားလုံးက သူ့အပေါ်မှာပဲ မူတည်နေတာပါ။ ဘာကြောင့်လဲဆိုတော့ သူလုပ်ဆောင်နိုင်တာတွေ တသမတ်တည်း လုပ်နေနိုင်ဖို့အတွက် မှန်ကန်တဲ့ အတွေးအခေါ်တွေရှိဖို့ လိုအပ်နေလို့ပါပဲ။ ပြီးခဲ့တဲ့ပွဲအနည်းငယ်မှာ သူပြသနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်ကောင်းတွေက ကျွန်တော်တို့အသင်းအတွက် အမြဲတမ်း အလိုရှိနေတဲ့ အရာတွေပါ။ တကယ်လို့ သူသာ ခြေစွမ်းပိုင်း ကျဆင်းလာခဲ့မယ်ဆိုရင်တော့ သူဆက်ပြီး ကစားခွင့်ရတော့မှာ မဟုတ်ပါဘူး။ သူအနေနဲ့ ပြင်သစ်လိဂ်ကနေ အင်္ဂလန်ကို စတင်ရောက်ရှိလာတုန်းကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ အသားကျစေဖို့အတွက် အချိန်ယူခဲ့ရတယ်ဆိုပေမယ့် အခုကတော့ ဒီလို အချိန်ယူလို့ မဖြစ်တော့ပါဘူး။ အခုကတော့ သူရဲ့စွမ်းဆောင်ရည်ပေါ်မှာပဲ အားလုံးမူတည်နေပါတော့တယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။