အာဆင်နယ်အသင်းဟာ မနေ့ညက ဝုလ်ဗ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ (၁)ဂိုး(၂)ဂိုးနဲ့ အရေးနိမ့်ခဲ့လိုက်ရပြီး ဒီရှံးပွဲကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်(၁၄)အထိကို ရောက်ရှိသွားခဲ့ရသလို ဒါဟာ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အိမ်ကွင်း(၃)ပွဲဆက်တိုက်ကို ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ခဲ့ပါတယ်။ ဒီလို အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း အာဆင်နယ်နည်းပြအာတီတာကတော့ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်မှုမရှိဘူးလို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။

Photo Credit : Arseblog News

မနေ့ညက ရှုံးပွဲကြောင့် အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် (၁၀)ပွဲကစားထားအပြီး (၅)ပွဲအထိ အရေးနိမ့်ထားခဲ့ရကာ ရမှတ်ကလည်း (၁၃)မှတ်သာ ရှာဖွေထားနိုင်ခဲ့လို့ ဒါဟာ အသင်းရဲ့သမိုင်းကြောင်းတလျှောက် (၃၉)နှစ်တာကာလအတွင်းမှာ အနိမ့်ဆုံးရမှတ် ဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာ အာဆင်နယ်အသင်းဟာ တိုက်စစ်ပိုင်းမှာလည်း အားနည်းလွန်းနေပြီး (၁၀)ပွဲကစား (၁၀)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီလိုအခြေအနေတွေ ရှိနေပေမယ့်လည်း အာဆင်နယ်နည်းပြ အာတီတာကတော့ သူရဲ့နည်းပြရာထူးအတွက် စိတ်ပူပန်မှု ရှိမနေဘူးလို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

Photo Credit : AS English

အာတီတာက “ကျွန်တော်နည်းပြတစ်ယောက်အဖြစ် ဆောင်ရွှက်တော့မယ်လို့ ဆုံးဖြတ်လိုက်ကတည်းက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ နည်းပြရာထူးကနေ ထုတ်ပယ်ခံနိုင်ရလိမ့်မယ် ဒါမှမဟုတ် ကျွန်တော်ကိုင်တွယ်နေတဲ့ အသင်းတစ်သင်းနဲ့ လမ်းခွဲရမယ်ဆိုတာကို သိနားလည်ထားပါတယ်။ ဒါပေမယ့် ဒီလို လမ်းခွဲမှုတွေက အသင်းတစ်သင်းနဲ့ စာချုပ်ချုပ်ဆိုပြီး နောက်တစ်ရက် နောက်တစ်လ နောက်ခြောက်လလောက်မှာ ဖြစ်လာမလားဆိုတာကို ကျွန်တော်မသိဘူးလေ။ ဒါကြောင့်မို့ ဒါနဲ့ပတ်သက်ရင် ကျွန်တော်ဘယ်တုန်းကမှ စိတ်ပူပန်နေတာမျိုး ရှိမနေပါဘူး။ ကျွန်တော်တကယ်စိတ်ပူတာကတော့ ကစားသမားတွေဆီကနေ သူတို့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေ ထုတ်ယူနိုင်ဖို့ ကလပ်အသင်းအတွက် ကျွန်တော်အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ဖို့ ပိုကောင်းသထက်ကောင်းအောင် လုပ်ပေးနိုင်ဖို့ကိုပဲ စိတ်ပူပန်တာပါ။ တစ်ချိန်ချိန်မှာတော့ အာဆင်နယ်အသင်းကနေ ထုတ်ပယ်ခံရတာ ဒါမှမဟုတ် နှစ်ဦးသဘောတူ လမ်းခွဲတာတွေ ဖြစ်လာနိုင်တယ်ဆိုပေမယ့်လည်း ဒါတွေ ဘယ်တော့ဖြစ်လာမလဲဆိုတာကိုတော့ ကျွန်တော်မသိပါဘူး” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အာတီတာဟာ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့ကမှ အာဆင်နယ်အသင်းနဲ့ လက်တွဲခဲ့တာဖြစ်ပြီး အသင်းအတွက် အက်အေဖလားနဲ့ ကွန်မြူနတီဒိုင်းတွေကို ရယူပေးနိုင်ခဲ့ပါတယ်။