MySport Myanmar

မန်စီးတီးက အမှတ်ပေး ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး ဖြစ်နေသေးတယ်လို့ အာတီတာ ဆို

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဒီရာသီမှာ ပရီးမီးယားလိဂ် (၁၉)ပွဲ ကစားအပြီး ရမှတ်(၅၀)နဲ့ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း သူတို့အသင်းထက် အဆင့်(၂)နေရာက မန်စီးတီးအသင်းကသာ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး အသင်းအဖြစ် ဆက်လက် ရှိနေတယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အာတီတာရဲ့ အာဆင်နယ်အသင်းဟာ အိမရိတ်စ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်ဒ်အသင်းကို အနိုင်ယူခဲ့ပြီး ရမှတ်(၅၀) စုဆောင်ထားနိုင်ခဲ့ပေမယ့်လည်း အဆင့်(၂)နေရာမှာ ရှိနေတဲ့ မန်စီးတီးကတော့ title race ထဲမှာ ဆက်လက် ရှိနေသေးတဲ့အပြင် သူတို့ အာဆင်နယ်အသင်းထက် ရေပန်းစားတဲ့ အသင်းလည်း ဖြစ်နေသေးတယ်လို့ အာတီတာက သုံးသပ်သွားခဲ့ပါတယ်။ “ကျွန်တော်တို့အသင်း အရမ်း ကောင်းမွန်နေတယ်ဆိုတာ ကျွန်တော် သိတယ်။ ကျွန်တော်တို့ ဘယ်မှာ ရပ်တည်နေလဲဆိုတာ ကျွန်တော် သိတယ်။ ဒီနေရာကို ဘာကြောင့် ရောက်ရှိနေလဲဆိုတာကိုလည်း ကျွန်တော် သိတယ်။ ကျွန်တော်တို့ ဘယ်နေရာထိ ရောက်ချင်သေးလဲဆိုတာရော အဲ့ဒါကို ရောက်ဖို့ကလည်း ဝေးနေသေးတယ်ဆိုတာကိုလည်း ကျွန်တော် သိတယ်”

Photo Credit : Daily Cannon

“တခြားအသင်းတွေရဲ့ ခြေစွမ်း အဆင့်အတန်းတွေကိုလည်း ကျွန်တော် သိထားတယ်။ အထူးသဖြင့်တော့ နောက်ဆုံး (၅)နှစ်(၆)နှစ်အတွင်းမှာ ကျွန်တော်တို့အသင်း မလုပ်ဆောင်နိုင်ခဲ့တဲ့ အောင်မြင်မှုတွေကို ရယူထားဖူးတဲ့ အသင်းတစ်သင်း ရှိနေတယ်ဆိုတာကိုလည်း သိထားပါတယ်” လို့ နည်းပြ အာတီတာက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ရေပန်းစားဆုံးအသင်း ဖြစ်မနေရင်တောင်မှ အသင်းသားတွေရဲ့ ယုံကြည်ချက်တွေကတော့ ပိုမိုပြီး တိုးပွားလာကြောင်းကိုလည်း အာတီတာက “သူတို့က သူတို့ကိုယ်သူတို့ ချန်ပီယံတွေလို့ ယုံကြည်နေတာမျိုး မဖြစ်ပါစေနဲ့လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမယ့် သူတို့တွေက ချန်ပီယံပြေးလမ်းပေါ်မှာ ရှိနေတဲ့ အသင်းမျိုးတွေနဲ့ ယှဉ်ပြိုင်ကစားဖို့ လုံလောက်တဲ့ အရည်အချင်းတွေ ယုံကြည်မှုတွေ ရှိနေကြတယ်။ တကယ်လည်း လုပ်ဆောင်နိုင်ခဲ့တယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ (၂)ရက်(၃)ရက်က အဲ့ဒီအကြောင်းတွေ ပြောဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အဖြစ်မှန်ကို ကျွန်တော်တို့ သိတယ်။ ဘယ်လောက်ထိ တိုးတတ်ကောင်းမွန်လာဖို့ လိုနေသေးလဲဆိုတာလည်း ကျွန်တော်တို့ သိထားပါတယ်။ ဒီလို နိုင်ပွဲတွေက ရလာတဲ့ ယုံကြည်ချက်က လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနေတဲ့ ယုံကြည်ချက်ပါပဲ။ ပြည့်ဝတဲ့ ယုံကြည်မှု စိတ်ဓါတ်တွေနဲ့ ဆက်ပြီး တိုက်ပွဲဝင်သွားရပါမယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version