အာဆင်နယ်နည်းပြ မီခဲလ်အာတီတာကတော့ သူရဲ့အသင်းဟောင်းဖြစ်တဲ့ မန်စီးတီးအသင်းရဲ့ စပိန်လူငယ် နောက်ခံကစားသမားလေး အဲရစ်ဂါဆီယာကို အာဆင်နယ်အသင်းဆီ ခေါ်ဆောင်သွားဖို့အတွက် မျက်စိကျလျက်ရှိနေပြီး ဒီကစားသမားလေးကလည်း ဒီနှစ်ဘောလုံးရာသီအကုန်မှာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ လာမယ့်ဆောင်းရာသီစျေးကွက်မှာ Cut-price နဲ့ ခေါ်ယူနိုင်သလို နွေစျေးကွက်မှာလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တာကြောင့် အာတီတာဘက်ကနေ စိတ်ဝင်စားနေရတာဖြစ်ပါတယ်။

Photo Credit : Sports Mole

အသက်(၁၉)နှစ်အရွှယ်ရှိ ဆယ်ကျော်သက်အရွှယ် စပိန်လက်ရွေးစင် နောက်ခံကစားသမားလေး အဲရစ်ဂါဆီယာဟာ ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၁ရခုနှစ်ကမှ မန်စီးတီးလူငယ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ အချိန်တိုလေးအတွင်းမှာပဲ မန်စီးတီးစီနီယာအသင်း ဖြစ်လာခဲ့တဲ့ ဂါဆီယာကို အသင်းဘက်ကနေ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ကြိုးပမ်းခဲ့ပေမယ့်လည်း ကစားသမားကိုယ်တိုင်က အသင်းမှာ ဆက်မနေချင်တော့ပဲ ပုံမှန်နေရာရနိုင်မယ့် အသင်းတစ်သင်းဆီကိုသာ ပြောင်းရွှေ့လိုတာကြောင့် အသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချဖြစ်ခဲ့ပါတယ်။

Photo Credit : AS English

စပိန်လက်ရွေးစင်အသင်းအတွက်ပါ ရွေးချယ်ခံထားရတဲ့ ဂါဆီယာကို သူရဲ့အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာအသင်းကနေ ပြန်လည်ခေါ်ယူချင်နေပြီး ဂါဆီယာကိုယ်တိုင်ကလည်း စပိန်မြေကို ပြန်ချင်နေပါတယ်။ ဒါပေမယ့် ဘဏ္ဍာရေးအခက်အခဲတွေ ရှိလို့နေတဲ့ ဘာစီလိုနာဟာ ဂါဆီယာကို ပြီးခဲ့တဲ့နွေစျေးကွက်ကတည်းက ခေါ်ယူလို့ ရနိုင်ပါလျက်နဲ့ ငွေကြေးပိုင်း အကျပ်အတည်းတွေကြောင့် မခေါ်ယူနိုင်ခဲ့သလို လာမယ့်ဆောင်းစျေးကွက်မှာလည်း Cut-price နဲ့ သက်သက်သာသာ ခေါ်ယူနိုင်မယ့် အခွင့်အရေးကိုလည်း အသုံးမချနိုင်ပဲ ဖြစ်နေဦးမှာပါ။ ဒီလို အခြေအနေနဲ့ ရင်ဆိုင်နေရချိန်မှာ ဂါဆီယာကို ရီးရဲလ်မက်ဒရစ်နဲ့ အာဆင်နယ်အသင်းတို့ကပါ ထပ်မံစိတ်ဝင်စားလာခဲ့ပြီး ဇန်နဝါရီစျေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေပါ ပြုလုပ်လာနိုင်ဖွယ် ရှိနိုင်ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာကတော့ မန်စီးတီးမှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွှက်ခဲ့တုန်းက ဂါဆီယာနဲ့ပါ အလုပ်တွဲလုပ်ဖူးသူဖြစ်လို့ ဂါဆီယာအနေနဲ့ သူရဲ့အသင်းဟောင်းထက် သူရဲ့ဆရာသမားဟောင်း အာတီတာရှိရာ အာဆင်နယ်ကိုပဲ ရွေးချယ်မလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဒါပေမယ့် အာဆင်နယ်အနေနဲ့ကလည်း ဂါဆီယာကို ဆောင်းစျေးကွက်မှာ ခေါ်ယူဖို့ဆိုရင် မူစတာဖီ ဆိုကရာတစ်တို့လို အသုံးမလိုတော့တဲ့ ခံစစ်ကစားသမားတွေကို အရင်ရောင်းချဖို့ လိုအပ်နေပြီး မဟုတ်ရင် လစာပိုင်း အခက်အခဲတွေ့နိုင်ဖွယ် ရှိနေပါတယ်။