ပရီးမီးယားလိဂ်ရဲ့ လန်ဒန်မြို့ခံအသင်း ဖြစ်တဲ့ အာဆင်နယ်အသင်း ကတော့ သူတို့အသင်းရဲ့ အဓိက မြို့ခံပြိုင်ဘက် ဖြစ်တဲ့ ချယ်လ်ဆီး အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဝီလီယံကို ခေါ်ယူဖို့အတွက် ယုံကြည်မှု အပြည့်ရှိနေတယ်လို့ လန်ဒန်မြို့ အခြေစိုက် သတင်းဌာန အများစုက ဖော်ပြသွားခဲ့ကြပါတယ်။ အသက် ၃၁နှစ်အရွယ် ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား ဝီလီယံဟာ လက်ရှိမှာ ချယ်လ်ဆီး အသင်းနဲ့ ရာသီကုန်ဆုံးချိန်အထိသာ စာချုပ် သက်တမ်း ကျန်ရှိတော့သူ ဖြစ်ပြီး ချယ်လ်ဆီး အသင်းနဲ့အတူ စာချုပ်သစ် ထပ်မံ မချုပ်ဆိုနိုင်ခဲ့ပါက ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိမယ့်သူလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

ဝီလီယံဟာ အသက်၃၁နှစ်အရွယ် ရှိနေပြီ ဖြစ်ပေမယ့် လက်ရှိအချိန်အထိ သူ့ရဲ့ အကောင်းဆုံးပုံစံကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာဆိုရင် ပရီးမီးယားလိဂ်ပွဲစဉ် ၃၆ပွဲအထိ ပါဝင် ကစားပေးထားကာ ၉ဂိုး သွင်းယူနိုင်ခဲ့ပြီး ၇ဂိုးအထိ ဖန်တီးပေးထားနိုင်သူပါ။ ဝီလီယံဟာ ချယ်လ်ဆီးအသင်းနဲ့ ကနဦး ချုပ်ဆို ထားတဲ့ စာချုပ်အရ ဇူလိုင်လ ၁ရက်နေ့မှာပဲ အသင်းကနေ ထွက်ခွာခွင့် ရှိခဲ့ပေမယ့် အသင်းနဲ့အတူ ယာယီစာချုပ်တစ်ခု ချုပ်ဆိုခဲ့ပြီး ဘောလုံးရာသီ ပြီးဆုံးသည်အချိန်အထိ အသင်းမှာ ဆက်လက် ရှိနေခဲ့တာပါ။ လက်ရှိမှာတော့ ဝီလီယံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဥရောပရဲ့ အသင်းကြီး အများစုက ကြိုးစားနေကြပေမယ့် ဝီလီယံဟာ လန်ဒန်မြို့မှာပဲ ဆက်ပြီး ရှိချင်တာကြောင့် အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ဟာ ဝီလီယံကို ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းနေပါတယ်။

Photo Credit: Mirror

Daily Express သတင်းဌာနရဲ့ အဆိုအရ အာဆင်နယ်အသင်းဟာ ဝီလီယံကို သူ အလိုရှိတဲ့ ၃နှစ်သက်တမ်း ရှိတဲ့ စာချုပ် ချုပ်ဆိုဖို့ ပြင်ဆင်ထားသလို တစ်ပတ်လုပ်ခ ပေါင် ၁သိန်းခွဲ ဝန်းကျင်အထိ ပေးချေမယ်လို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ဒါ့အပြင် အာဆင်နယ် အသင်းရဲ့ တာဝန်ရှိသူတွေဟာ ဝီလီယံအနေနဲ့ အခြားအသင်းတွေကို ငြင်းပယ်ကာ သူတို့ဆီ ရောက်လာလိမ့်မယ်လို့ ယုံကြည်ထားကြပြီး ဝီလီယံ ၊ အူဘာမီယန်း ၊ လာကာဇက်တို့ရဲ့ သုံးဦးတွဲ တိုက်စစ်ကို အသုံးချဖို့ ပြင်ဆင်နေပါတယ်။ နောက်ဆုံး ရရှိထားတဲ့ သတင်းတွေအရလည်း ဝီလီယံရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကလပ် အသင်းတွေရဲ့ ကြားမှာ ဆွေးနွေးညှိနှိုင်းမှုတွေအရ အာဆင်နယ်အသင်းနဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ ဆွေးနွေးမှုဟာ အတော်လေး အခြေအနေ ကောင်းနေတယ်လို့ သိရပါတယ်။