နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ ပြန်လည်ကောင်းမွန်လျက်ရှိနေတဲ့ လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ်အသင်းနှစ်သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ ဝက်စ်ဟမ်းအသင်းတို့ ဒီနေ့ညမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၉)အဖြစ် ဆုံတွေ့ခဲ့ကြပြီး လန်ဒန်ဒါဘီပွဲတွေရဲ့ထုံးစံအတိုင်း အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြကာ အိမ်ရှင်အာဆင်နယ်က လူစားဝင်တိုက်စစ်မှူး လာကာဇက်ရဲ့သွင်းဂိုးနဲ့ပဲ ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်အာဆင်နယ်အသင်းကတော့ အူဘာမီယန်း အိုဇေး အန်ခီတီယက် ပေပေ ဇာခါ စီဘယ်ယို့စ် ဒေးဗစ်လုဇ် ဆာခါ မာရီ ဆိုကရေးတစ် လေနိုတို့နဲ့အတူ ပွဲထွက်လာခဲ့ပြီး ဆိုကရေးတစ်ကိုတော့ နောက်ခံအစွန်လူအဖြစ် ဆက်လက်အသုံးပြုလာခဲ့ရပါတယ်။ ဧည့်သည်ဝက်စ်ဟမ်းဘက်မှာတော့ ဟယ်လာ အန်တိုနီယို ဖော်နယ်စ် ဘိုဝန်အစရှိတဲ့ အမာခံကစားသမားအစုံအလင် ပါဝင်လာခဲ့ပြီး အာဆင်နယ်ကို အခက်တွေ့ကစားပြနိုင်ခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်တွေအတွင်းမှာ အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှုကို အသာစီးရယူကာ ဖိအားပေးထားနိုင်ခဲ့ပေမယ့် တိုက်စစ်ကို လိုက်ပါကစားရမှာ အားနည်းမှုတွေရှိခဲ့လို့ ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်ခဲ့တဲ့အပြင် ဝက်စ်ဟမ်းအသင်းရဲ့ရိုးစင်းလှတဲ့ တိုက်စစ်မှုတွေကတောင် ဂိုးဝင်ဖို့ ပိုမိုပြီး နီးစပ်ခဲ့ပါသေးတယ်။ ပွဲအစပိုင်းမှာပဲ ကန်သွင်းခဲ့တဲ့ ဘိုဝန်ရဲ့ကန်ချက်ကတော့ ဝက်စ်ဟမ်းတို့ အဖွင့်ဂိုးရဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ရသလို ဆိုကရေးတစ်ရဲ့ခေါင်းတိုက်ချက် တိုင်ထိတာကလည်း အာဆင်နယ်အတွက် နစ်နာခဲ့ရပါတယ်။

Photo Credit : Getty Image

ပထမပိုင်းမှာကတည်းက အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ စိတ်လှုပ်ရှားစရာကောင်းခဲ့တဲ့ လန်ဒန်ဒါဘီပွဲမှာ ဒုတိယပိုင်းမှာလည်း ရင်ခုန်စရာ တိုက်စစ်ဆင်မှုတွေနဲ့ ပိုလို့တောင် အကြိတ်အနယ်ရှိလာခဲ့ပါတယ်။ အာဆင်နယ်ကလည်း တိုက်စစ်ပိုမိုအားကောင်းလာဖို့ လာကာဇက်ကို ဒုတိယပိုင်းမှာ ထည့်သွင်းလာခဲ့သလို လူစားလဲမှုမရှိသေးတဲ့ ဝက်စ်ဟမ်းတိုက်စစ်ကလည်း အာဆင်နယ်ခံစစ်ကို ဒုက္ခပေးနိုင်ခဲ့သေးပြီး စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။ ရ၇မိနစ်ခန့်မှာ လာကာဇက် အာဆင်နယ်အတွက် သွင်းဂိုးရယူခဲ့ပေမယ့် စည်းကြပ်ဒိုင်က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ရာကနေ VAR နဲ့ပါ ပြန်လည်စစ်ဆေးခဲ့ရပြီး အချိန်အတန်ကြာ စစ်ဆေးပြီးနောက်မှာ ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ မမျှော်လင့်ပဲ ဂိုးပေးရလိုက်တဲ့နောက်မှာ ဝက်စ်ဟမ်းတို့ တစ်သင်းလုံးဖိအားပေးကစားခဲ့လို့ အာဆင်နယ်ခံစစ် အလုပ်ရှုပ်စေခဲ့ရပါတယ်။ ဒါပေမယ့် ချေပဂိုးမသွင်းယူနိုင်တော့တာကြောင့် အာဆင်နယ်ပဲ နိုင်ပွဲဆက်သွားခဲ့ရပါတယ်။