ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ချိန်မှာ အရင်လိုပုံစံကောင်းတွေ ပြန်လည်ပြသနိုင်ခြင်းမရှိပဲ ရုန်းကန်နေရတဲ့ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ဒဏ်ရာပြသာနာတွေကြောင့် ရလဒ်တွေ မတည်မငြိမ်ဖြစ်နေရတဲ့ အာဆင်နယ်အသင်းတို့ အက်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဒီနေ့ည (၆)နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အာဆင်နယ်အသင်းက (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

 

အိမ်ရှင်ရှက်ဖီးအသင်းဘက်မှာ ဒင်းဟန်ဒါဆန် မက်စ်ဂိုဒရစ် မက်စ်ဘရူနီ လမ့်စထရန်း နော်ဝုဒ် ဂျွန်ဖလက်ခ် ဘဲလ်ဒေ့ါစ် အီဂန် ရောဘတ်ဆန် အီဂန် စတီဖန်စ်တို့ ပါဝင်လာခဲ့ပြီး အာဆင်နယ်မှာတော့ လာကာဇက် ပေပေ ဆာခါ မီလန်နိုင်းစ် ဝီလ်လော့ ချာကာ တီယာနေး မူစတာဖီ ဒေးဗစ်လူးဝစ်ဇ် ကိုလာစီနက်နဲ့ မာတီနက်ဇ်တို့ ပါဝင်ကစားသွားခဲ့ပါတယ်။ ပွဲအစပိုင်းတွေမှာ ရှက်ဖီးအသင်းက အာဆင်နယ်ခံစစ်ကို အလုပ်ရှပ်စေခဲ့ပြီး အာဆင်နယ်ကတော့ ဘောလုံးပိုင်ဆိုင်မှုကလွဲရင် ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ပွဲအစ(၈)မိနစ်မှာ သွင်းယူခဲ့တဲ့ လမ့်စထရန်းရဲ့ခေါင်းတိုက်သွင်းဂိုးက VAR နဲ့ ပြန်လည်စစ်ဆေးရာမှာတော့ လူကျွံဘောဖြစ်နေတာက အာဆင်နယ်အတွက် သက်သာသေခဲ့ပါတယ်။ ဒါ့အပြင် (၂၅)မိနစ်မှာ အာဆင်နယ်တို့ ပင်နယ်တီရခဲ့ပြီး ပေပေက ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။ စတင်ဦးဆောင်နိုင်ပြီးနောက်ပိုင်းမှာ အာဆင်နယ်က ပွဲကိုပိုဖိဖိစီးစီး ကစားလာနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ နှစ်သင်းလုံး လူစားလဲမှုတွေ မပြုလုပ်ခဲ့ကြပေမယ့်လည်း အာဆင်နယ်ခံစစ်ကစားသမား ဒေးဗစ်လူးဝစ်ဇ် ဒဏ်ရာရခဲ့လို့ ဟိုဒင်းနဲ့ လူစားလဲခဲ့ရပါတယ်။ ရှက်ဖီးကလည်း (၅၈)မိနစ်မှာ ချေပသွင်းဂိုး ပြန်လည်ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ဒီတစ်ကြိမ်မှာလည်း လူကျွံနေခဲ့လို့ နစ်နာခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ သွင်းဂိုးရရှိဖို့ ပိုမိုလိုအပ်နေတဲ့ ရှက်ဖီးအသင်းက တိုက်စစ်ကို ပိုမိုလိုက်ပါကစားခဲ့ပေမယ့်လည်း သွင်းဂိုးပိုင်ဆိုင်ဖို့က ရုန်းကန်နေရပြီး ပွဲပြီးဖို့ မိနစ်ပိုင်းလေးအလိုမှာပဲ ရှက်ဖီးရဲ့လက်ပစ်ဘောကို အာဆင်နယ်ဘက်က ရှင်းထုတ်ပုံမသေသပ်ရာကနေ ဂိုးလ်ဒရစ်က လိုအပ်နေတဲ့ ချေပဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အချိန်ပိုအတွင်းမှာ လူစားဝင်လာခဲ့တဲ့ စီဘယ်လော့က အာဆင်နယ်အတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ဆီမီးဖိုင်နယ်ကို တတ်လှမ်းသွားခဲ့ပါတယ်။