ဒီနေ့ ကြာသပတေးနေ့ညမှာတော့ နောက်ထပ် ဥရောပဘောလုံးပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ (၃၂)သင်းအဆင့် ရှုံးထွက်ပွဲစဉ် ဒုတိယအကျော့ပွဲများကို ယှဉ်ပြိုင်ကစားစေခဲ့ပြီး  ည၂နာရီမိနစ်၃၀အချိန် ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ အိုလံပီယာကော့စ်အသင်းတို့ရဲ့ပွဲစဉ်မှာတော့ ဧည့်သည်အိုလံပီယာကော့စ်အသင်းက ၂ဂိုး၁ဂိုးနဲ့ အနိုင်ယူခဲ့ကာ နှစ်ကျော့ပေါင်းရလဒ် ၂ဂိုးစီသရေ အဝေးဂိုးစည်းမျဉ်းအရ အိုလံပီယာကော့စ်အသင်းက နောက်တစ်ဆင့်တတ်လှမ်းခဲ့ပါတယ်။

Photo Credit : Getty Images

ပထမအကျော့ ဂရိမြေမှာ ကစားခဲ့စဉ်ကတည်းက လာကာဇက်ရဲ့သွင်းဂိုးနဲ့ နိုင်ပွဲရခဲ့တဲ့ အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာလည်း အိုလံပီယာကော့စ်ကို အနိုင်ကစားဖို့အတွက် သေချာပြင်ဆင်လာခဲ့ပြီး အူဘာမီယန်း လာကာဇက် ပေပေ အိုဇေး စီဘယ်ယို့စ် ချာကာ ဘယ်လာရင် မူစတာဖီ ဒေးဗစ်လုဇ် ဆာခါ လေနိုတို့ကို ထည့်သွင်းလာခဲ့ပါတယ်။ လူစုံနီးပါး ဝင်ရောက်ကစားခဲ့ပေမယ့်လည်း အာဆင်နယ်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေက သိပ်မထိရောက်ခဲ့ပဲ ဂိုးကန်ချက်တွေမှာလည်း နည်းပါးခဲ့သလို ကန်ချက်တွေကိုလည်း အိုလံပီယာကော့စ် နောက်ခံလူတွေက ဟန့်တားနိုင်ခဲ့ပါတယ်။ ပင်နယ်တီဧရိယာစပ်နားမှာ ဖရီးကစ်ကန်ခွင့် ရရှိခဲ့သေးပေမယ့် ပေပေကန်သွင်းချက်က ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့သလို ၃၉မိနစ်မှာရရှိခဲ့တဲ့ လာကာဇက်ရဲ့သွင်းဂိုးမှာလည်း လူကျွံလို့နေတာကြောင့် ပထမပိုင်းကိုတော့ ဂိုးမရှိသရေနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။

Photo Credit : Getty Images

ပထမပိုင်းမှာကတည်းက ကွင်းလယ်ပိုင်းလိုအပ်ချက်တွေရှိနေခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဒုတိယပိုင်းပြန်စပြီး ၁၀မိနစ်မပြည့်သေးခင်မှာပဲ ဧည့်သည်အိုလံပီယာကော့စ်အသင်းဘက်ကို ဦးဆောင်ဂိုးစတင်ခွင့်ပြုလိုက်ရလို့ ဖိအားပါ ဝင်သွားခဲ့ရပါတယ်။ ဒီဂိုးကိုတော့ အိုလံပီယာကော့စ်နောက်ခံလူ ဆစ်ဆေးက ထောင့်ကန်ဘောကနေတစ်ဆင့် ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလို သွင်းဂိုးခွင့်ပြုလိုက်ရပြီးနောက်မှာ နှစ်ကျော့ပေါင်း ၁ဂိုးစီ သရေကျနေခဲ့ပြီး ဒုတိယပိုင်းပြီးချိန်ထိ အပြန်အလှန်ကစားမှုတွေနဲ့ ဂိုးဆက်မရလို့ အချိန်ပိုဆက်ကစားခဲ့ရပါတယ်။

Photo Credit : Getty Images

အချိန်ပိုမှာတော့ အာဆင်နယ်ကပဲ အသာစီးယူ ဖိအားပေးကစားနိုင်ခဲ့ပေမယ့် သွင်းဂိုးရဖို့ကတော့ ရုန်းကန်ခဲ့ရပြီး အချိန်ပိုဒုတိယပိုင်းအရောက်မှသာ တိုက်စစ်မှူးအူဘာမီယန်းရဲ့လှပလွန်းတဲ့ Bicycle ကန်ချက်နဲ့ သွင်းဂိုးစတင်ပိုင်ဆိုင်ခဲ့ပြီး ပွဲပြီးဖို့ မိနစ်အနည်းငယ်လေးပဲ ကျန်တော့တဲ့အချိန်မှာ အိုလံပီယာကော့စ်တိုက်စစ်ကို မထိန်းသိမ်းနိုင်တော့ပဲ တိုက်စစ်မှူးအယ်လာရာဘီရဲ့သွင်းဂိုးကို ပြန်လည်ခွင့်ပြုရရင်းနဲ့ နှစ်ကျော့ပေါင်းရလဒ် ၂ဂိုးစီသရေကျကာ အိုလံပီယာကော့စ်က အဝေးဂိုးစည်းမျဉ်းနဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းသွားခဲ့ပါတယ်။