ပရီးမီးယားလိဂ်မှာ သရေပွဲတွေ ဆက်တိုက်ရရှိနေပြီး ဇန်နဝါရီလအစပိုင်းလောက်ကတည်းကနေ နိုင်ပွဲပျောက်ဆုံးလို့နေရတဲ့ အာဆင်နယ်အသင်းကတော့ ဒီနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)အဖြစ် အိမ်ကွင်းအမ်းမရိတ်ဒ်မှာ နယူးကာဆဲလ်ယူနိုက်တက်အသင်းကို ဧည့်ခံကစားသွားခဲ့ပြီး ဒုတိယပိုင်းအတွင်းမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေနဲ့ အာဆင်နယ်က ၄ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Images

နိုင်ပွဲတွေ ပြန်လည်ရယူဖို့ မဖြစ်မနေ လိုအပ်လျက်ရှိနေတဲ့ အာဆင်နယ်အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းကတော့ တော်တော်လေးကို အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ လူငယ်တိုက်စစ်မှူးလေး အန်ခီတီယက်ကို အထောင်တိုက်စစ်မှူးနေရာကနေ အသုုံးပြုလာခဲ့ပြီး ပေပေနဲ့အူဘာမီယန်း ဘယ်ညာနှစ်ဖက်စီနဲ့ ကွင်းလယ်မှာ အိုဇေး စီဘယ်ယို့စ် ချာကာတို့ကို အသုံးပြုလာခဲ့ပါတယ်။ နောက်ခံလူသစ်နှစ်ယောက်မှာလည်း ဒီပွဲကို ထပ်မံလွဲချော်ခဲ့ရပြန်ပါတယ်။ နယူးကာဆဲလ်ကတော့ ရှိတဲ့လူအင်အားလေးတွေနဲ့ပဲ အာဆင်နယ်ကို ပွဲအစပိုင်းတွေမှာ ဖိအားပေးကစားခဲ့ပြီး စိန့်မက်စီမန်ကို ချာကာဖြတ်ထုတ်မှု ကြမ်းတမ်းခဲ့ပေမယ့် ပင်နယ်တီမပေးရတာ ကံကောင်းခဲ့သလို လောင်းစတက်ဖ်ကန်ချက်ကို စီဘယ်ယို့စ်ရှင်းထုတ်ရမှာ Own Goal သွင်းမိမလို့ ဖြစ်ခဲ့တာကို လေနိုကာကွယ်နိုင်ခဲ့ပါတယ်။ မိနစ်၃၀လောက်မှာ အာဆင်နယ်က အာဆင်နယ်လို ပြန်ကစားလာနိုင်ခဲ့ပြီး ထိုးဖောက်မှုတွေ ပြန်လုပ်လာနိုင်ခဲ့ပေမယ့်လည်း တိုက်စစ်ဆင်မှုတွေကတော့ ထိရောက်မှုမရှိခဲ့ပါဘူး။

Photo Credit : Getty Images

ဆက်မိလာခဲ့တဲ့ အာဆင်နယ်အသင်းက ဒုတိယပိုင်းမှာတော့ တိုက်စစ်ဆင်မှုတွေက ခံစစ်ကိုချည်း အာရုံစိုက်လို့နေတဲ့ နယူးကာဆဲလ်ခံစစ်ကို ဖြိုခွင်းလာနိုင်ခဲ့ပြီး မိနစ်၅၀အတွင်းမှာ အနိုင်ဂိုး၂ဂိုးကို စတင်သွင်းယူလာနိုင်ခဲ့ပါတယ်။ အဖွင့်ဂိုးကိုတော့ ၅၄မိနစ်မှာ အူဘာမီယန်းက ပေပေရဲ့ဘယ်ခြေနဲ့ဖြတ်တင်ပေးပို့လိုက်ရာကနေတစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့ကာ ဒုတိယဂိုးကတော့ ၅၇မိနစ်မှာ ဆာခါလေး မွှေနှောက်ဖြတ်ကျော်ပြီး ပေးပို့လိုက်ရာကနေ ပေပေက ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ၂ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပြီးနောက်မှ အာဆင်နယ်ကပဲ ပွဲကိုထိန်းထိန်းသိမ်းသိမ်း ကစားလားခဲ့ကာ ဖိအားပေးမှုတွေ နည်းပါးလာခဲ့ပြီး ဒုတိယပိုင်းပြီးခါနီးမှာပဲ လူစားဝင်ကစားသမား လာကာဇက်ရဲ့ပေးပို့မှုကနေတစ်ဆင့် ဒီရာသီမှာ သွင်းဂိုးမရသေးတဲ့ အိုဇေးက တတိယဂိုးကို သွင်းယူခဲ့သလို နာကျင်အချိန်ပိုမှာလည်း လာကာဇက်က ပွဲသိမ်းဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။