အက်အေဖလားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်ပြီး ဆုဖလားကို (၁၃)ကြိမ်ထိ ပိုင်ဆိုင်ထားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ အက်အေဖလားရဲ့လက်ရှိချန်ပီယံဖြစ်သလို ဒီရာသီမှာလည်း အက်အေဖလားရဲ့ ချန်ပီယံထပ်ဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ မန်စီးတီးတို့ အက်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဆုံတွေ့ခဲ့ကြရာ အူဘာမီယန်းရဲ့သွင်းဂိုးတွေနဲ့အတူ (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ဖိုင်နယ်တတ်လှမ်းသွားခဲ့ပါတယ်။

Photo Credit : Getty Image

အာဆင်နယ်အသင်းက ၃-၄-၃ ကစားကွက်နဲ့အတူ ပေပေ လာကာဇက် အူဘာမီယန်း စီဘယ်ယို့စ် ချာကာ မီလန်နိုင်းစ် ဘယ်လာရင် မူစတာဖီ ဒေးဗစ်လုဇ် တီယာနေး မာတီနက်ဇ်တို့ကို အသုံးပြုခဲ့ပြီး ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုလာခဲ့တဲ့ မန်စီးတီးအသင်းမှာတော့ ဂျေဆူး စတာလင်း ဒေးဗစ်ဆေးဗား မာရက်ဇ် ဂန်ဒိုဂန် ဒီဘရိုင် မန်ဒီ လာပေါ့တ် ဂါဆီယာ ဝေါ်ကာနဲ့ အီဒါဆန်တို့ ပါဝင်လာခဲ့ပါတယ်။ အာဆင်နယ်က မကြာသေးခင်ကမှ မန်စီးတီးကို (၃)ဂိုးပြတ်နဲ့ အရေးနိမ့်ထားခဲ့တာဆိုပေမယ့် ဒီပွဲမှာတော့ တည်တည်ငြိမ်ငြိမ်လေးနဲ့ ကစားသွားခဲ့သလို ပထမပိုင်းမှာ နောက်တန်းက အမှားမရှိအောင် ကစားပြခဲ့ပြီး ချာကာကတော့ အတော်လေးကို ခြေစွမ်းကောင်းတွေ ပြသခဲ့ပါတယ်။ အာဆင်နယ်ရဲ့ တည်ငြိမ်လွန်းတဲ့ ကစားဟန်ကြောင့် မန်စီးတီးတို့ ပထမပိုင်းမှာ အခွင့်အရေးတွေ သိပ်မရခဲ့တဲ့အပြင် အာဆင်နယ်ကတောင် (၁၉)မိနစ်မှာ ပေပေရဲ့ဖြတ်တင်မှုကနေတဆင့် အူဘာမီယန်းက အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပါသေးတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ မန်စီးတီးအသင်းက ထိုးဖောက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာခဲ့ပြီး မာရက်ဇ်ရဲ့ကန်ချက်မှာလည်း ကန်သွင်းပုံ ကောင်းမွန်ခဲ့ပေမယ့် မာတီနက်ဇ်ကာကွယ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းအရောက်မှာတော့ ပွဲက မန်စီးတီးရဲ့တိုက်စစ်နဲ့ အာဆင်နယ်ခံစစ်တို့ အားပြိုင်မှုပုံစံ ဖြစ်သွားခဲ့ရပြီး မန်စီးတီးရဲ့တရစပ်တိုက်စစ်ဆင်မှုတွေကြားကနေ (၇၁)မိနစ်မှာ တီယာနေး ပေးပို့မှုကနေတစ်ဆင့် အူဘာမီယန်းကပဲ အာဆင်နယ်ကို ဖိုင်နယ်တတ်ရောက်သွားစေနိုင်မယ့် ပွဲသိမ်းသွင်းဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပါတယ်။