ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်(၂၇)အတွင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ ပွဲကြီးပွဲကောင်းတွေ များစွာပါဝင်လို့နေပြီး ဒီနေ့ Super Sunday ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့ပွဲကလည်း နှစ်သင်းလုံးရဲ့အပြန်အလှန်သွင်းဂိုးတွေနဲ့ သွင်းဂိုးအရေအတွက်လည်းများပြားခဲ့ပြီး ပွဲချိန်ပြည့် အကြိတ်အနယ်ရှိခဲ့ကာ အိမ်ရှင်အာဆင်နယ်အသင်းက ၃ဂိုး၂ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

ဒီနှစ် ၂၀၂၀ခုနှစ်အစပိုင်းအတွင်းမှာ ပြိုင်ပွဲစုံရှုံးပွဲမရှိသေးတဲ့ အာဆင်နယ်အသင်းက ၄-၂-၃-၁ ကစားကွက်နဲ့အတူ အန်ခီတီယာ အူဘာမီယန်း အိုဇေး ပေပေ စီဘယ်ယို့စ် ချာကာ ကိုလာစီနက်ရှ် ဒေးဗစ်လုဇ် မူစတာဖီ ဘယ်လာရင် လေနိုတို့ကို ပွဲထုတ်ခဲ့ပါတယ်။ အန်စလော့တီကိုင်တွယ်နေပြီး နောက်ဆုံးပရီးမီးယားလိဂ်(၅)ပွဲဆက် ရှံးနိမ့်ထားခြင်းမရှိတဲ့ အဲဗာတန်အသင်းကလည်း ကဲလ်ဗတ်လူဝင် ရစ်ချာလီဆန် ဆီဂတ်ဆန် ရှနိုက်ဒါလင် ဒဲလ်ဖ် အီဝိုဘီ ဆီဒီဘီ ဟိုးဂိတ်လ် မီနာ လေတန်ဘိန်းစ် ပစ်ဖို့ဒ်တို့ကို အသုံးပြုလာခဲ့ပါတယ်။ ပွဲအစ ၁မိနစ်မပြည့်ခင်မှာပဲ လူဝင်ရဲ့သွင်းဂိုးနဲ့ အဲဗာတန်တို့ စတင်ဦးဆောင်ခဲ့ပေမယ့် အန်ခီတီယာ အူဘာမီယန်းတို့ရဲ့ဂိုးတွေနဲ့ အာဆင်နယ်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကာ ပထမပိုင်းပြီးခါနီးမှာတော့ ရစ်ချာလီဆန်က အဲဗာတန်အတွက် ပြန်လည်ချေပခဲ့ပါတယ်။ အာဆင်နယ်ရဲ့ခံစစ်ပိုင်း အားနည်းချက်ကြောင့် အဲဗာတန်မှာ ဂိုးပေါက်တည့်မှု ၂ကြိမ်ကနေ သွင်းဂိုးတွေ ရရှိခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းပြန်စပြီးချင်း တစ်မိနစ်မပြည့်သေးခင်မှာပဲ အူဘာမီယန်းက အာဆင်နယ်အတွက် ပြန်လည်ဦးဆောင်နိုင်မယ့် သွင်းဂိုးကို သွင်းယူခဲ့ပြီး ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံး လက်စတာတိုက်စစ်မှူးဗာဒီရဲ့ ဂိုးပမာဏကို လိုက်မှီနိုင်ခဲ့ရပါတယ်။ ဒုတိယပိုင်း ပြန်လည်စတင်ပြီးနောက်မှာ စောစောစီးစီး ပြန်လည်ဦးဆောင်နိုင်ခဲ့တဲ့ အာဆင်နယ်ကို အဲဗာတန်အသင်းဘက်ကနေ ချေပဂိုးပြန်လည်ရယူနိုင်အောင် တရစပ်တိုက်စစ်ဆင်လာခဲ့ကာ ဂိုးဝင်ဖို့ အလွန်ကို နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးချိန်ထိ သွင်းဂိုးထပ်မရတော့တာကြောင့် အာဆင်နယ်ပဲ နိုင်ပွဲဆက်ခဲ့ပြီး အဆင့်၉နေရာကို ပြန်လည်တတ်လှမ်းခဲ့ပါတယ်။