ဒီနောက်ပိုင်းပွဲတွေမှာ ရလဒ်လေးတွေ ပြန်လည်ကောင်းမွန်လာခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဒီနေ့ညမှာတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာရှိလို့နေတဲ့ နောရစ်ချ်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၂)ကို ယှဉ်ပြိုင်ကစားခဲ့ရပြီး အိမ်ရှင်အာဆင်နယ်အသင်းကပဲ (၄)ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အာဆင်နယ်အသင်းဟာ ရှက်ဖီးယူနိုက်တက်ကို အနိုင်ယူခဲ့တဲ့ပွဲစဉ်တုန်းက အသုံးပြုဖြစ်ခဲ့တဲ့ ကစားကွက်ကို (၄)နေရာအထိ အပြောင်းအလဲလုပ်လာပြီး အူဘာမီယန်း လာကာဇက် နယ်လ်ဆင် စီဘယ်ယို့စ် ချာကာ ကိုလာစီနက် မူစတာဖီ ဘယ်လာရင် ဒေးဗစ်လူးဝစ် မာတီနက်ဇ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲအစပိုင်းကတည်းက အာဆင်နယ်အသင်းဟာ ဂိုးရလုနီးပါး ဖြစ်ခဲ့ပေမယ့် နောရစ်ချ်အသင်းရဲ့ဂိုးသမားတင်ကာရူး လက်စွမ်းပြခဲ့လို့ ဂိုးရဖို့ ခက်ခဲနေခဲ့ပါတယ်။ ဒါပေမယ့် (၃၃)မိနစ်မှာ တင်ကာရူးကိုယ်တိုင် အမှားကျူးလွန်မိခဲ့ရာကနေ အူဘာမီယန်းက အခွင့်အရေးရသွားခဲ့လို့ ပထမဂိုးကို သွင်းယူနိုင်ခဲ့သလို (၄)မိနစ်အကြာမှာလည်း အူဘာရဲ့ဖန်တီးမှုကနေတစ်ဆင့် ချာကာက ဒုတိယဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာပဲ နောရစ်ချ်ဘက်ကနေ လူစားလဲမှု (၃)ခုကို ပြုလုပ်ခဲ့ပြီး အာဆင်နယ်ခံစစ်ကို မွှေနှောက်နိုင်ခဲ့ပေမယ့် သွင်းဂိုးတွေကိုတော့ အာဆင်နယ်ကသာ ဆက်လက်ပိုင်ခဲ့ရပါတယ်။ ပွဲချိန်(၆၇)မိနစ်မှာ တိုက်စစ်မှူးအူဘာမီယန်းက တတိယဂိုးကို သွင်းယူခဲ့သလို (၈၁)မိနစ်မှာလည်း ဘယ်လာရင်နေရာကို ဝင်ရောက်ကစားခဲ့တဲ့ နောက်ခံအစွန်လူ စီဒရစ်ဆွာရက်စ်က လှပလွန်းတဲ့ ဘယ်ခြေကန်ချက်နဲ့ စတုတ္ထဂိုးကိုပါ ထပ်မံရယူပေးသွားခဲ့ပါတယ်။