ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်နဲ့ ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်တို့က လာလီဂါကလပ် ဆိုစီဒက်ရဲ့ ကွင်းလယ်ဗိုလ်ချုပ် ဇူဘီမန်ဒီကို လာမယ့် နွေဈေးကွက်မှာ ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်လူ ဇူဘီမန်ဒီက ဆိုစီဒက် အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပြီး သူဟာ ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နှစ်နေရာစလုံးမှာ ကစားနိုင်စွမ်း ရှိကာ ကမ္ဘာ့အဆင့် ကွင်းလယ်လူ ဖြစ်လာနိုင်တဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားပါတယ်။

Photo Credit: Standard

ဇူဘီမန်ဒီက စပိန်သွေး ပါတာကြောင့် ဘောလုံးကိုင် ကစားရာမှာ ထူးချွန်သလို လုပ်အားနှုန်း ကောင်းမွန်ကာ အဝေးဘော ၊ ဖြတ်တင်ဘောနဲ့ မျှောထိုးပေးပို့မှုတွေကိုလည်း ကောင်းကောင်း လုပ်နိုင်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဆိုစီဒက် အတွက် ပြိုင်ပွဲစုံမှာ ၄၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဥရောပရဲ့ ထိပ်သီးအသင်း တချို့က ဇူဘီမန်ဒီရဲ့ ခြေစွမ်းကို အကဲခတ်ဖို့ သူတို့ရဲ့ ကင်းထောက်တွေကို စေလွှတ်ထားကြပြီး အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့က ဇူဘီမန်ဒီကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး အသင်းတွေပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဇူဘီမန်ဒီဟာ အာဆင်နယ်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေဆဲ ဖြစ်သလို ဘိုင်ယန်မြူးနစ်ကလည်း ဇူဘီမန်ဒီကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေပြီး ဘိုင်ယန်မြူးနစ်က နည်းပြသစ်ကို ခန့်အပ်ပြီးတာနဲ့ ဇူဘီမန်ဒီကို ခေါ်ယူမယ် ၊ မခေါ်ယူဘူး ဆိုတာကို အပြီးသတ် ဆုံးဖြတ်ချက် ချမယ်လို့ သိရှိရပါတယ်။

ဇူဘီမန်ဒီကလည်း သူ့ရဲ့ ကစားသမား ဘဝ အတွက် လာမယ့် နွေဈေးကွက်မှာ ဆိုစီဒက်ကို စွန့်ခွာကာ ဆုဖလားတွေကို စိန်ခေါ်နိုင်မယ့် ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ စဉ်းစားနေကာ ဆိုစီဒက်ကတော့ သူတို့ရဲ့ ကွင်းလယ်ဗိုလ်ချုပ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် လိုချင်နေပါတယ်။