အာဆင်နယ်အသင်းဟာ ဘိုလော့ဂ်နာအသင်းရဲ့ အီတလီ ခံစစ်ကစားသမား ရီကာဒို ကာလာဖီအိုရီကို ခေါ်ယူနိုင်ပြီဖြစ်ပြီး တရားဝင် ထုတ်ပြန် ကြေညာဖို့သာ ကျန်ရှိနေတော့တဲ့အချိန် နောက်ထပ် ကစားသမားသစ်အဖြစ် စပိန် ကွင်းလယ်လူ မီခယ်လ် မော်ရီနိုကိုပါ ထပ်မံ ခေါ်ယူဖို့အခြေအနေကောင်းလျက် ရှိနေပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
အာဆင်နယ်က ခံစစ်ပိုင်းအတွက် ကစားသမားသစ် ဖြည့်တင်းထားပြီးတဲ့နောက် ကွင်းလယ်ပိုင်းအတွက် မယ်ရီနို ၊ ဖေဘီယန် ရုစ်ဇ် ၊ ဇူဘာမန်ဒီ နဲ့ လူငယ် ကွင်းလယ်ကစားသမားလေး အီဇီကွီရယ် ဖာနန်ဒက်ဇ်ကိုပါ ပစ်မှတ်ထားလို့နေပြီး ဒီထဲကမှ မယ်ရီနိုကို ပိုမို ဦးစားပေး အလိုရှိနေပါတယ်။
Photo Credit : The New York Times
အသက် (၂၈)နှစ်အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား မယ်ရီနိုဟာ ၂၀၁၈ခုနှစ်မှာပဲ ဆိုစီဒက်အသင်းဆီ ရောက်ရှိခဲ့တာဖြစ်ပြီး ဆိုစီဒက်ရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့သလို (၂)နှစ်တာအကြာမှာပဲ စပိန် လက်ရွေးစင်အသင်းအတွက်ပါ ရွေးချယ်ခံခဲ့ရပါတယ်။
ထူးခြားတာကတော့ မယ်ရီနိုဟာ နယူးကာဆယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာပါ ကျင်လည်ခဲ့ဖူးသေးပြီး ဒေါ့မွန်မှာလည်း အချိန်ကာလ အနည်းငယ် ဖြတ်သန်းခဲ့ပါသေးတယ်။ လက်ရှိမှာတော့ မယ်ရီနိုဟာ ဆိုစီဒက်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်တည်းသာ ကျန်ရှိနေတော့ပြီး ဆိုစီဒက်အနေနဲ့ သူတို့ရဲ့ မယ်ရီနိုလို အရေးပါတဲ့ ကစားသမားတစ်ဦးကို အလွတ်နဲ့ လက်လွတ်ရတော့မယ့် အနေအထားမှာလည်း ရှိနေပါတယ်။
Photo Credit : GiveMeSport
ဒီလို အချိန်မှာ မယ်ရီနိုက စပိန်နဲ့အတူ ယူရို-၂၀၂၄ ပြိုင်ပွဲမှာပါ သူပါဝင်ကစားရတဲ့ အခိုက်အတန့်တွေထဲ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့ပြီး ဂျာမနီနဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲမှာလည်း အသင်းအတွက် အလွန်အရေးပါတဲ့ အနိုင်ဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါသေးတယ်။ ဒီအချိန်မှာတော့ မယ်ရီနိုကို ဘာစီလိုနာ အသက်လက်တီကိုနဲ့ အာဆင်နယ်တို့က အပြိုင်အဆိုင် စိတ်ဝင်စားလာကြပြီး လက်ရှိ အခြေအနေအရ အာဆင်နယ်က အလားအလာ အကောင်းဆုံး ဖြစ်နေပါတယ်။
ကွင်းလယ်ဗဟို ကွင်းလယ်ခံစစ်နေရာတွေမှာ ကစားတက်တဲ့ မယ်ရီနိုရဲ့ တန်ကြေးဟာ ယူရို သန်း(၅၀)ဝန်းကျင် ရှိနေပေမယ့် သူရဲ့ စာချုပ်သက်တမ်း အနေအထားကြောင့် ယူရို သန်း(၄၀)လောက်အထိ ဖြစ်သွားနိုင်ပြီး ဒါက နီကို ဝီလီယံစ်နဲ့ အော်လ်မိုတို့ကို လိုက်နေတဲ့ ဘာစီလိုနာအတွက် နည်းနည်း ခက်ခဲနိုင်ပြီး အသက်လက်တီကိုကလည်း တိုက်စစ်ပိုင်းအတွက် ပိုလိုအပ်နေတာကြောင့် အာဆင်နယ်သာ မယ်ရီနိုကို ခေါ်ယူနိုင်ဖို့ အခြေအနေ ပိုများနေပါတယ်။