အာဆင်နယ် ကစားသမားဟောင်း ပေါလ် မာဆွန်ကတော့ သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်အသင်းဟာ ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်အတွင်းမှာ ဘယ်အသင်းမှ မလိုချင်ကြတဲ့ ကစားသမား (၂) ဦးကို ခေါ်ယူခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဇန်နဝါရီလ အပြောင်းအရွေ့မှာ ဖလာမင်ဂို နောက်ခံလူ ပါဘလို မာရီရယ်၊ ဆောက်သမ်တန် နောက်ခံလူ ဆီဒရစ်တို့ကို ခေါ်ယူနိုင်ခဲ့ပေမဲ့ အပြီးသတ် မဟုတ်ဘဲ အငှားနဲ့သာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

မာရီဟာ မန်စီးတီးအသင်းမှာ ကစားခဲ့စဉ်က ပွဲထွက်ခွင့် မရခဲ့ပေမဲ့ ဖလာမင်ဂိုအသင်းမှာ ကစားခဲ့စဉ်က (၂၀၁၉) ခုနှစ် ကိုပါ လီဘာတာဒိုးရက်စ် ဖလားကို ရယူခဲ့ပြီး ဆီဒရစ်ကတော့ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ (၂၀၁၆) ယူရိုဖလားကို ရရှိခဲ့ပါတယ်။ နောက်ခံ ကစားသမားတွေ ဖြစ်တဲ့ မာရီ နဲ့ ဆီဒရစ်တို့ဟာ အောင်မြင်မှု အနည်းငယ် ကိုယ်စီ ရရှိခဲ့ကြပေမဲ့ အာဆင်နယ်လူဟောင်း ပေါလ် မာဆွန်ကတော့ သူတို့ကို ပေါင် သန်း (၅၀) နဲ့ ဝယ်ချင်ကြမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

 

Photo Credit: Goal

ပေါလ် မာဆွန်က “အဓိက ကျတာက အာတီတာက နောက်တန်းမှာ လိုအပ်နေတဲ့ အရာတွေကို မြင်နိုင်ခဲ့ပါတယ်။ သူ ရောက်လာပြီး ကစားသမားသစ် (၂) ဦး ခေါ်ယူခဲ့တယ်။ ကစားသမားသစ် (၂) ဦးက အပြောင်းအလဲ ပြုလုပ်နိုင်မလား။ စောင့်ကြည့်ရမှာပါ။ သူတို့က ပေါင် သန်း (၅၀) ဒါမှမဟုတ် သန်း (၆၀) နဲ့ ပေးဝယ်ကြမယ့် ကစားသမားတွေ မဟုတ်ပါဘူး။ အာဆင်နယ်အသင်းက ဘယ်အသင်းမှ မလိုချင်တဲ့ ကစားသမားတွေကို ခေါ်ယူခဲ့တာပါ”လို့ ဝေဖန် ပြောဆိုသွားပါတယ်။