MySport Myanmar

ရီးယဲလ်မှာ အနာဂတ် မရေရာတော့တဲ့ လူနင်ကို စိတ်ဝင်စားနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းကတော့ ရီးယဲလ်မက်ဒရစ်အသင်းမှာ အနာဂတ် မရေမရာ ဖြစ်လို့နေတဲ့ ယူကရိန်း ဂိုးသမား အန်ဒရီ လူနင်ကို ခေါ်ယူဖို့ စိတ်ဝင်စားလို့နေပြီး တခြား ကလပ်အသင်းတွေလည်း လူနင်နဲ့ ရီးယဲလ်အသင်းတို့ရဲ့ အခြေအနေများကို စောင့်ကြည့်လို့နေပါတယ်။

အသက် (၂၅)နှစ်အရွယ် ဂိုးသမား လူနင်ဟာ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်ကမှ ယူကရိန်းကလပ် ဇော်ယာအသင်းကနေ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ကြေး ယူရို (၉)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ရီးယဲလ်အသင်းရဲ့ ပထမဆုံးသော ယူကရိန်း ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် လူနင်က လီဟာနက် ဗယ်လာဒိုးလစ်နဲ့ အိုဗီဒိုအသင်းတွေမှာ အငှားကစားသမားအဖြစ် ကျင်လည်ခဲ့ရပါတယ်။

Photo Credit : Get Spanish Football News

ရီးယဲလ်ဆီ ၂၀၁၈ခုနှစ်ကတည်းက ပြောင်းရွှေ့ခဲ့တဲ့ လူနင်ဟာ ၂၀၂၁ခုနှစ်မှသာ ရီးယဲလ်အတွက် စတင် ကစားပေးခွင့် ရရှိခဲ့ပေမယ့် လူနင်က ရီးယဲလ်မှာ တတိယ ဦးစားပေး ဂိုးသမားသာ ဖြစ်နေရပြီး ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီမှသာ အသင်းအတွက် ပွဲကစားခွင့်တွေ အမြောက်အများ ရရှိလာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ရီးယဲလ်ရဲ့ အဓိက ဂိုးသမား ကော်တိုအာ ACL Injury ကြောင့် ကာလအတန်ကြာ အနားယူခဲ့ရပြီး ချယ်လ်ဆီးကနေ အငှားခေါ်ထားတဲ့ ကယ်ပါရဲ့ လက်စွမ်းပိုင်းတွေ ကျဆင်းလာချိန်မှာ လူနင်က ရီးယဲလ် ဂိုးပေါက်ကို အဓိက တာဝန်ယူခဲ့ရကာ ပြိုင်ပွဲစုံ (၃၁)ပွဲအထိတောင် ပါဝင်ခဲ့ရပါတယ်။

Photo Credit : Transfermarket

လက်ရှိမှာတော့ ရီးယဲလ်ရဲ့ အဓိက ကစားသမားဖြစ်သူ ဘယ်လ်ဂျီယံ ဂိုးသမား ကော်တိုအာကလည်း ဒဏ်ရာကနေ အရင်းသက်သာနေပြီဖြစ်လို့ လူနင်ထက် ကော်တိုအာက ပွဲကစားခွင့်တွေ ပိုမို ရရှိတော့မှာ သေချာနေတဲ့အတွက် ဒီအခြေအနေမှာ လူနင်က ရီးယဲလ်မှာ ဆက်နေဖို့ထက် အသင်းအပြောင်းအလဲ လုပ်ဆောင်ဖို့ကိုပဲ ဆန္ဒရှိလာခဲ့ပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဂိုးသမား လူနင်ကို ကလပ်အသင်းများစွာက ပစ်မှတ်ထားလာခဲ့ပြီး ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်နဲ့ သေချာပေါက် လက်တွဲဖြုတ်သွားဖို့ ရှိနေတဲ့ အာဆင်နယ်အသင်းကပါ လူနင်ကို စိတ်ဝင်တစား ရှိလာခဲ့ပြီး တကယ်လို့ လူနင်သာ ရီးယဲလ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင်တော့ အာဆင်နယ်အနေနဲ့ လူနင်အတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာနိုင်ပါတယ်။

Exit mobile version