အာဆင်နယ်အသင်းဟာ တိုက်စစ်ပိုင်း လိုအပ်ချက်ကြောင့် အခုဈေးကွက်အတွင်းမှာပဲ တိုက်စစ်မှူးသစ်တစ်ဦးကို ခေါ်ယူ ဖြည့်တင်းသွားဖို့ ရှိနေပေမယ့် လိုက်ပ်ဇစ်ရဲ့ တိုက်စစ်မှူး ဘင်ဂျမင် ဆက်စ်ကိုကို ခေါ်ယူနိုင်ဖို့ ခက်ခဲနေတဲ့အတွက် အက်စတွန် ဗီလာ တိုက်စစ်မှူး ဂျွန်ဒူရန်ကို မျက်စိကျလာခဲ့ပါတယ်။

အာဆင်နယ်ဟာ နယူးကာဆယ်ရဲ့ ဆွီဒင် တိုက်စစ်ကစားသမား အလက်ဆန်းဒါး အီဆက်ခ်ကို အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပေမယ့်လည်း အီဆက်ခ်ကိုက အခုဈေးကွက်ထဲမှာ ခေါ်ယူနိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့အတွက် တခြား တိုက်စစ်မှူးတွေကိုသာ ထပ်မံ ချိန်ရွယ်နေရတာပဲ ဖြစ်ပါတယ်။

 

Photo Credit : Arsenal Insider

အာဆင်နယ်အနေနဲ့ အသင်းတိုက်စစ်ပိုင်းအတွက် တကယ့်ကို အရည်အသွေးမြင့် အထောင်တိုက်စစ်မှူးတစ်ဦးကို လိုအပ်နေရာ ဒီကွက်လပ်ကို ဖြည့်တင်းနိုင်ဖို့အတွက် ဗလာဟိုဗစ် ဆက်စ်ကို အမ်ဘူမိုတို့ကို ပစ်မှတ်ထားခဲ့သလို အခုလည်း ဗီလာအသင်းရဲ့ ကိုလံဘီယာ တိုက်စစ်မှူး ဒူရန်ကိုပါ ချိန်ရွယ်လာခဲ့ပါတယ်။

အသက်(၂၁)နှစ်အရွယ် ဒူရန်ဟာ ဗီလာနဲ့ မကြာသေးခင်ကမှ စာချုပ်သက်တမ်း တိုးမြှင့်ထားပြီး ဒီရာသီမှာလည်း အသင်းအတွက် (၁၂)ဂိုးအထိ သွင်းယူပေးထားနိုင်ပေမယ့်လည်း အသင်းမှာ ပွဲထွက်ကစားခွင့် များများစားစား မရရှိနေဘဲ အဓိက တိုက်စစ်ကစားသမား ဝက်ကင်းစ်ရဲ့နောက် ဒုတိယ ဦးစားပေးအဖြစ်နဲ့သာ ကစားနေရပါတယ်။

Photo Credit : Gooner Daily

ဒီအခြေအနေတွေကို ဘာစီလိုနာ ပီအက်စ်ဂျီနဲ့ အယ်လ်နာဆာအသင်းတွေကပါ စောင့်ကြည့်လို့နေပြီး အခု အာဆင်နယ်ကလည်း ဆက်စ်ကိုကိုလည်း မရနိုင် အီဆက်ခ်ကလည်း ဈေးများလွန်းတာကြောင့် ဒူရန်ကိုသာ ခေါ်ယူဖို့အတွက် ပဏာမ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

ဗီလာကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားဖြစ်သူအတွက် ပေါင်သန်း(၈၀)အထိတောင် တန်ကြေးသတ်မှတ်လို့ထားတာကြောင့် ဒါက အာဆင်နယ်အတွက်တော့ ခက်ခဲရဖွယ် ရှိနိုင်သလို အယ်လ်နာဆာအသင်းကလည်း လေဗာကူဆင်က ဗစ်တာ ဘိုနီဖေ့စ် အပြောင်းအရွှေ့ အထမမြောက်လာခဲ့ရင် ဒူရန်ကို အရ ခေါ်ယူသွားဖို့ စီစဉ်နေပါတယ်။