အာဆင်နယ် ကွင်းလယ်ကစားသမားဟောင်း ရေးလ် ပါလော့ကတော့ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ဆိုရင် ဘရိုက်တန်အသင်းကို အနိုင်ရသင့်တယ်လို့ ပြောကြားသွားခဲ့ပြီး လက်ရှိမှာ အာဆင်နယ်အသင်းအနေနဲ့ နောက်ပြန်သွားနေတယ်လို့လည်း ဝေဖန်သွားခဲ့ပါတယ်။ နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြန်စပြီးနောက် (၂) ပတ်အတွင်း ပရီးမီးယားလိဂ် ပွဲစဉ် (၂) ပွဲဆက် ရှုံးနိမ့်ခဲ့တာကြောင့် လက်ရှိရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ မလွယ်ကူတော့ဘဲ ယူရိုပါလိဂ် ဝင်ခွင့် ရရှိဖို့အတွက်ပဲ ကြိုးစားသွားရဖွယ် ရှိပါတယ်။

Photo Credit: Goal

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ သရေ ပွဲစဉ် များလွန်းတာကြောင့် ရမှတ် များစွာ ဆုံးရှုံးခဲ့ရပြီး ပရီးမီးယားလိဂ် ပွဲစဉ် (၃၀) ပွဲ ကစားပြီးတဲ့ အချိန်မှာ သရေ ပွဲစဉ် (၁၃) ပွဲ၊ ရှုံးပွဲ (၈) ပွဲ၊ နဲ့ နိုင်ပွဲ (၉) ပွဲ ရရှိခဲ့တာကြောင့် အဆင့် (၁၀) နေရာမှာ ရပ်တည်နေပါတယ်။ အာဆင်နယ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ယခုအပတ် လာမယ့် ကြာသပတေးနေ့မှာ ဆောက်သမ်တန်အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး အဆင်နယ်အသင်းရဲ့ ကစားသမားဟောင်း ပါလော့က အာဆင်နယ်အသင်းကို နောက်ပြန်သွားနေပြီလို့ Stadium Astro မှာ ပြောခဲ့ပါတယ်။

Photo Credit: Goal

ရေးလ် ပါလော့ဟာ အာဆင်နယ်အသင်းအနေနဲ့ ဘရိုက်တန်အသင်းကို ရှုံးနိမ့်ပြီးတဲ့နောက်ပိုင်း ကိုယ့်ကိုကိုယ် ယုံကြည်မှု ဘယ်လောက် ရှိဦးမလဲလို့ အမေးခံရတဲ့ အခါမှာ သူက “အဲဒီပွဲစဉ်က သူတို့ အနိုင်ရသင့်တဲ့ ပွဲစဉ်ပါပဲ။ အာဆင်နယ်အသင်းမှာ ရှိတဲ့ လူတိုင်းရဲ့ အိပ်မက်ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲကို ဝင်ခွင့် ရရှိဖို့ပါ။ ဒါပေမယ့် ဘရိုက်တန်အသင်းက အာဆင်နယ်အသင်း အနိုင်ရသင့်တဲ့ အသင်းပါပဲ။ အာဆင်နယ်အသင်းက အဖွင့်ဂိုး သွင်းပြီး ပုံစံကောင်းကို ရရှိခဲ့ပေမယ့် သူတို့က အမြဲတမ်း ပြိုင်ဘက်ကို အခွင့်အရေး ပြန်ပေးနေပါတယ်။ ဒါဟာ အာဆင်နယ်အသင်းရဲ့ လက်ရှိပြဿနာပါပဲ။ ဘရိုက်တန်အသင်းက အခွင့်အရေးကို အရယူပြီး သွင်းဂိုး (၂) ဂိုး သွင်းခဲ့ပါတယ်။ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းက နောက်ပြန်သွားနေပါတယ်”လို့ ပြောကြားသွားပါတယ်။