MySport Myanmar

ကင်မစ်ချ် ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ အာဆင်နယ်အသင်းပါ ပါဝင်နေ

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမနီ ကွင်းလယ်ကစားသမား ဂျိုရှုအာ ကင်မစ်ချ် ပြောင်းရွှေ့ ကစားချင်နေတဲ့ ကလပ်အသင်း (၅)သင်းထဲမှာ ဘာစီလိုနာ ရီးယဲလ်မက်ဒရစ် လီဗာပူးလ် မန်စီးတီးတို့အပြင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ဆုံတွေ့ရမယ့် အာဆင်နယ်အသင်းပါ ပါဝင်နေပါတယ်။

အသက် (၂၉)နှစ်အရွယ် ဂျာမနီ လက်ရွေးစင် ကွင်းလယ်ကစားသမား ကင်မစ်ချ်ဟာ လာမယ့်နွေမှာ ဘိုင်ယန်ကနေ ထွက်ခွာသွားဖို့ ရှိနေပြီး သူ့ကိုလည်း ဥရောပထိပ်တန်း ကလပ်အသင်းတွေက စိတ်ဝင်တစားနဲ့ စောင့်ကြည့်လျက် ရှိနေပါတယ်။

Photo Credit : Barca Blaugranes

ကင်မစ်ချ်ဟာ ကမ္ဘာ့အဆင့် ကွင်းလယ်လူတစ်ဦးဖြစ်ပြီး ဘိုင်ယန်ရဲ့ အရေးပါတဲ့ ကစားသမားလည်း ဖြစ်နေပေမယ့် လက်ရှိမှာ အသင်းနည်းပြ သောမတ်စ် တူဟယ်လ်နဲ့ပါ အဆင်မပြေ ဖြစ်နေရတဲ့အပြင် သူနဲ့ ဘိုင်ယန်တို့ကြားက စာချုပ်သက်တမ်းဟာလည်း ၂၀၂၅ခုနှစ်အထိပဲ ရှိနေတာက စဉ်းစားစရာ ဖြစ်နေပါတယ်။

ဘိုင်ယန်ကတော့ ကင်မစ်ချ်ကို စာချုပ်သက်တမ်း တိုးမြှင့်ဖို့ စီစဉ်ထားခဲ့ပေမယ့် ကင်မစ်ချ်က အသင်းမှာ မပျော်ရွှင်တော့တဲ့ အခြေအနေတွေကြောင့် သက်တမ်းတိုးဖို့ ပယ်ချထားခဲ့တဲ့အတွက် ဘိုင်ယန်အနေနဲ့ လာမယ့်နွေမှာပဲ ကင်မစ်ချ်ကို မဖြစ်မနေ ရောင်းထုတ်ဖို့ လိုအပ်လာခဲ့ပါတယ်။

Photo Credit : Transfermarket

ကင်မစ်ချ်လို ကစားသမားမျိုးကို ဥရောပ ထိပ်တန်း ကလပ်အသင်းကြီးတွေ အားလုံးနီးပါးက လိုချင်နေကြပြီး ကင်မစ်ချ်ကိုယ်တိုင်ကတော့ ပရီးမီးယားလိဂ်က မန်စီးတီး အာဆင်နယ် လီဗာပူးလ် လာလီဂါက ဘာစီလိုနာနဲ့ ရီးယဲလ် အဲ့ဒီ (၅)သင်းထဲက တစ်သင်းသင်းဆီကိုသာ ပြောင်းရွှေ့သွားချင်နေပါတယ်။

လက်ရှိ ဒီအသင်း (၅)သင်းလုံးကလည်း ကွင်းလယ်နေရာတွေအတွက် ကင်မစ်ချ်လို ကွင်းလယ်လူမျိုးကို လိုအပ်နေပြီး မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတွေကတော့ ကင်မစ်ချ်ကို လာမယ့်နွေမှာ အရ ခေါ်ယူဖို့ ပိုပြီး ဦးစားပေး ကြိုးပမ်းလာနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version