MySport Myanmar

ဂိုးသမားတစ်ဦး ဖြည့်တင်းသွားဖို့ ရှိနေတဲ့ အာဆင်နယ်က ပစ်ဖို့ဒ်ကိုပါ စိတ်ဝင်စား

လာမယ့်နွေမှာ ဂိုးသမား အာရွန် ရမ်းစ်ဒဲလ်ကို ရောင်းထုတ်ပြီး ဂိုးသမားသစ်တစ်ဦးခန့် ပြန်လည် ဖြည့်တင်းသွားဖို့ ရှိနေတဲ့ အာဆင်နယ်အသင်းက အဲဗာတန်အသင်းရဲ့ အင်္ဂလန် နံပါတ်ဝမ်း ဂိုးသမားဖြစ်သူ ဂျော်ဒန် ပစ်ဖို့ဒ်ကိုပါ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိမှာ ဒေးဗစ် ရာယာနဲ့ ရမ်းစ်ဒဲလ်တို့ ဂိုးသမား (၂)ဦးကို ပိုင်ဆိုင်ထားရပေမယ့်လည်း ရမ်းစ်ဒဲလ်ရဲ့ လက်စွမ်းပိုင်းတွေကို အားရခြင်း မရှိသလို ရာယာကိုသာ ပွဲတိုင်းနီးပါး ဆက်တိုက် ကစားခွင့်ပေးနေတဲ့အပေါ် ရမ်းစ်ဒဲလ်ကလည်း စိတ်ပျက်လျက် ရှိနေပါတယ်။

Photo Credit : beIN SPORTS

ဂိုးသမား ရမ်းစ်ဒဲလ်ရဲ့ လက်ရှိအခြေအနေတွေအရ လာမယ့် နွေဈေးကွက် ဖွင့်လှစ်ချိန်မှာပဲ သေချာပေါက် အာဆင်နယ်နဲ့ လက်တွဲဖြုတ်ရဖွယ် ရှိနေတာကြောင့် အာဆင်နယ်အနေနဲ့ အသင်းရဲ့ ဂိုးပေါက်မှာ ရာယာနဲ့ အပြိုင်ဖြစ်နေမယ့် ဂိုးသမားတစ်ဦးကို ခေါ်ယူသွားဖို့ စီစဉ်လာခဲ့ပါတယ်။

ကနဦးပိုင်းမှာတော့ အသင်းရဲ့ဂိုးသမားဟောင်း ရှက်ဇနီ ၊ ဘရိုက်တန် ဂိုးသမား ဂျေဆင် စတီးလ်တို့ကို အာဆင်နယ်က ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် အခု အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ ဦးစားပေး ဂိုးသမား ပစ်ဖို့ဒ်နဲ့ပါ အပြောင်းအရွှေ့သတင်းတွေ အတော်လေး ထွက်ပေါ်လာပါတယ်။

Photo Credit : TEAMtalk

အင်္ဂလန်နဲ့ အဲဗာတန်အသင်းတို့ရဲ့ အဓိက ဂိုးသမားတစ်ဦးဖြစ်တဲ့ ပစ်ဖို့ဒ်ဟာ အဲဗာတန်နဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူ ဖြစ်ပေမယ့်လည်း အဲဗာတန်အသင်းမှာ ဘဏ္ဍာရေး အကျပ်အတည်းတွေ ရင်ဆိုင်နေရတာမို့ ပစ်ဖို့ဒ် ၊ အမာဒူ အိုနာနာ ၊ ဒူကိုဟေတို့လို ကစားသမားကောင်းတွေကို လာမယ့်နွေမှာ အသင်းကနေ ရောင်းထုတ်သွားရနိုင်ပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ပစ်ဖို့ဒ်ကို ချယ်လ်ဆီးအသင်းကလည်း စိတ်ဝင်စားလျက် ရှိနေသလို အခု ချယ်လ်ဆီးနဲ့အပြိုင် အာဆင်နယ်ကပါ စိတ်ဝင်စားလို့နေပြီး ပစ်ဖို့ဒ်ကတော့ သူ့အတွက် ပွဲကစားခွင့် ပိုမိုပေးနိုင်မယ့် ကလပ်အသင်းဆီကိုသာ ပြောင်းရွှေ့နိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version