ဒီနေ့ ကြာသပတေးနေ့ညမှာတော့ နောက်ထပ် ဥရောပဘောလုံးပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ (၃၂)သင်းအဆင့် ရှုံးထွက်ပွဲစဉ် ပထမအကျော့ပွဲများကို စတင်ယှဉ်ပြိုင်ကစားစေခဲ့ပြီး ည၂နာရီ၂၅မိနစ်အချိန် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်များထဲကမှ အိုလံပီယာကော့စ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ပွဲ ဝုလ်ဗ်နဲ့ အက်စပန်ညိုတို့ပွဲစဉ်တွေမှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်ကြတဲ့ အာဆင်နယ်နဲ့ ဝုလ်ဗ်တို့က နိုင်ပွဲအသီးသီး ရရှိပိုင်ဆိုင်သွားခဲ့ကြပါတယ်။

Photo Credit : Getty Images

ပြီးခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုအဆင့်ပွဲစဉ်တွေ အားလုံးနီးပါးမှာ လူငယ်တွေ အရန်ကစားသမားတွေနဲ့ ပွဲထုတ်အသုံးပြုခဲ့တဲ့ အာဆင်နယ်ဟာ ဂရိကလပ် အိုလံပီယာကော့စ်နဲ့ပွဲမှာတော့ အူဘာမီယန်း လာကာဇက် ဆိုကရေးတစ် ဒေးဗစ်လုဇ် ချာကာ ဂန်ဒူဇီ လေနိုတို့လို အဓိက ကစားသမားတွေ အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဥရောပပွဲစဉ်တွေတိုင်းလိုလိုမှာ အာဆင်နယ်နဲ့ မကြာခဏ တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့လေ့ရှိတဲ့ အိုလံပီယာကော့စ်ကလည်း အိမ်ကွင်းမှာ အာဆင်နယ်အသင်းကို အကောင်းဆုံးတုန့်ပြန်ကစားသွားခဲ့ပြီး ခြေရည်တူနီးပါး ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းချက်တွေရှိခဲ့သလို ၈၁မိနစ်မှာ သွင်းယူခဲ့တဲ့ လာကာဇက်ရဲ့သွင်းဂိုးကိုပါ ခွင့်ပြုခဲ့ရလို့ ဂရိကလပ်အတွက် နောက်တစ်ဆင့်တတ်ဖို့ မျှော်လင့်ချက်က ဝေဝါးသွားခဲ့ရပါတယ်။

Photo Credit : Getty Images

အာဆင်နယ်နဲ့ပဲ တစ်ချိန်တည်းမှာ အတူကစားခဲ့တဲ့ ပရီးမီးယားလိဂ်ကလပ် ဝုလ်ဗ်အသင်းကတော့ အိမ်ကွင်းမှာ ခြေစွမ်းအထူးပြသခဲ့ပြီး စပိန်လာလီဂါကလပ် အက်စပန်ညိုအသင်းကို ၄ဂိုး ဂိုးမရှိနဲု့ကို အပြတ်အသတ်အနိုင်ရသွားခဲ့ပါတယ်။ ဂျီမီနက်ဇ် ဂျိုတာ ထရာအိုရေး မော်တင်ဟို နီဗက်် ဂျော်နီ ကိုအာဒီတို့လို အမာခံကစားသမား အစုံအလင်ပါဝင်လာခဲ့တဲ့ ဝုလ်ဗ်ဟာ အိမ်ကွင်းမှာ ပထမအကျော့ပွဲကို လက်ခံကစားရစဉ်အတွင်း ဧည့်သည်အသင်းဘက်ကို ၄ဂိုးအထိ အပြတ်အသတ် သွင်းယူနိုင်ခဲ့တာကြောင့် ၁၆သင်းအဆင့်ကို တတ်လှမ်းဖို့ သေချာသွားခဲ့ရပြီလို့တောင် ဆိုရမှာပါ။ ဝုလ်ဗ်အတွက် သွင်းဂိုးတွေကိုတော့ ပေါ်တူဂီသားတွေကပဲ သွင်းယူခဲတာ့ဖြစ်ကာ နီဗက်စ်ကတစ်ဂိုးနဲ့ ဂျိုတာက ဟက်ထရစ်သွင်းယူခဲ့ပါတယ်။