အာဆင်နယ်အသင်းရဲ့ လူငယ်ကစားသမားတစ်ယောက်မှာ တောက်ပတဲ့ အနာဂတ်တွေ ရှိနေတယ်ဆိုပေမယ့် နာဘရီဆိုတဲ့ ဂျာမန်တောင်ပံကစားသမားလေးကတော့ လုံလောက်တဲ့ အခွင့်အရေးတွေကို မပိုင်ဆိုင်ခဲ့ပဲ ဝက်စ်ဘရွန်းအသင်းဆီမှာ အငှားချခံရသလို နောက်ပိုင်းမှာတော့ သူရဲ့အမိမြေ ဂျာမန်ကိုပဲ ပြန်သွားခဲ့ရင်း ဂျာမန်မြေဆီ ပြန်အရောက်မှာတော့ နာဘရီရဲ့ ထုတ်ဖော်ပြသခွင့်မရတဲ့ ကိုယ်ရည်ကိုယ်သွေးတွေက တဖြည်းဖြည်းနဲ့ အရောင်လက်လာခဲ့ရပြီး နောက်ဆုံးမှာတော့ ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားခဲ့ရပါတယ်။

Photo Credit : Goal

အခုတော့ ဒီအသက်(၂၅)နှစ်အရွှယ် ဂျာမန်တောင်ပံကစားသမားလေး နာဘရီဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ တစ်ရာသီအတွင်း ဆုဖလား(၃)လုံးကို ပိုင်ဆိုင်နိုင်ခဲ့သလို တစ်နှစ်တာအတွင်းမှာလည်း ဆုဖလား(၅)လုံးအထိ ပိုင်ဆိုင်ခဲ့ပါတယ်။ တစ်ချိန်က လူမသိသူမသိ ချာတိတ်လေးဘဝကနေ အခုတော့ တန်ကြေး ပေါင်သန်း(၁၀၀)လောက်အထိ သတ်မှတ်ခံထားရတဲ့ ဥရောပရဲ့ အကောင်းဆုံးသော တောင်ပံကစားသမားတစ်ယောက်အဖြစ်နဲ့ပါ သတ်မှတ်ခံထားခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေအထိ ရောက်ရှိလာခဲ့ခြင်းဟာ သူရဲ့ကစားသမားဘဝ ပထမဆုံးအနေနဲ့ အငှားသွားရောက်ခဲ့ရတဲ့ ဝက်စ်ဘရွန်းအသင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ခက်ခဲမှုတွေကြောင့်သာဖြစ်တယ်လို့ နာဘရီက ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit : Eurosport

နာဘရီက “အဲ့ဒီတုန်းက ကြုံတွေ့ခဲ့ရတာတွေက ကစားသမားဘဝအတွင်း အရေးပါဆုံးသောအရာတွေလို့တောင် ဆိုနိုင်ပါတယ်။ အဲ့ဒီနေရာမှာပဲ ကျွန်တော် တော်တော်များများကို သင်ယူလိုက်ရသလို အရာအားလုံးနီးပါးကိုလည်း လက်ခံရရှိခဲ့တယ်။ ဒါတွေအားလုံးက ကျွန်တော့်ကို ကွင်းထဲမှာ ကစားရခက်စေတဲ့ ကစားသမားပုံစံမျိူး ဖြစ်လာစေခဲ့တယ်။ သင့်အနေနဲ့ အသက်ငယ်ရွှယ်စဉ်မှာ သင်ရဲ့အရည်အချင်းကလည်း စိတ်ကျေနပ်စရာ ဖြစ်နိုင်ပြီး သင့်ကိုယ်သင်လည်း သဘောကျနှစ်ခြိုက်မိသလို (စိတ်ကြီးဝင်သလို)ဖြစ်နိုင်တယ်။ ဒါပေမယ့် သင်ထင်ထားသလိုတွေက ဖြစ်မလာတဲ့အခါမှာ ငါတော့ အရမ်းကို ကြိုးစားအားထုုတ်ဖို့ လိုအပ်နေပြီဆိုတာကို နားလည်လာခဲ့တယ်။ ကျွန်တော် ဝက်စ်ဘရွန်းမှာတုန်းက ခြေစွမ်းမပြနိုင်ခဲ့ဘူး။ ဒါပေမယ့်လည်း အဆက်မပြတ်တော့ ကြိုးစားခဲ့တယ်။ ပြီးတော့ အတွေးတစ်ခုလည်း ရသွားခဲ့တယ်။ အမြဲတမ်းလိုလို အလုပ်ကို ကြိုးစားပြီး လုပ်ဆောင်နေခြင်းတွေကို အိမ်ပြန်ရောက်တဲ့အခါမှာ သိလာလိမ့်မယ်ဆိုတဲ့ အတွေးတစ်ခုပါပဲ။ ကြိုးစားမှုကောင်းရင်ကောင်းသလောက် ကျွန်တော်ရဲ့ အိမ်အပြန်လမ်းတွေက အပြုံးတွေနဲ့ အဖော်ပြုနိုင်ခဲ့တယ်။ ကျွန်တော်က ကိုယ်ရဲ့အရည်အသွေးပေါ်မှာလည်း အမြဲတမ်းယုံကြည်စိတ်ထားတယ်။ တကယ်လို့သာ ကျွန်တော်ဝက်စ်ဘရွန်းကို မပြောင်းရွှေ့ခဲ့ဖြစ်ရင် ဒီလိုတွေ မကြုံတွေ့ဖြစ်ခဲ့ရင် ဘိုင်ယန်မြူးနစ်အသင်းသားတစ်ယောက် ဖြစ်လာစရာမရှိသလို ချန်ပီယံလိဂ် Winner တစ်ယောက်လည်း ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါတွေအားလုံးက ကျွန်တော့်ကစားသမားဘဝကို ပိုမိုကောင်းမွန်လာအောင် အကူအညီပေးခဲ့သလို ကျွန်တော်က ဘယ်လိုလူတစ်ယောက်လဲဆိုတာကိုပါ ပိုသိသာလာစေခဲ့တယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။