MySport Myanmar

ရာဖင်ညာကို ခေါ်ယူဖို့အတွက် ခါးသီးပြိုင်ဘက် အာဆင်နယ်နဲ့ အပြိုင်လုသွားဦးမယ့် စပါး

ဒီနှစ်နွေဈေးကွက်အတွင်းမှာ ကစားသမားသစ် (၃)ဦးထိကို ခေါ်ယူအားဖြည့်ထားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ကစားသမား ခေါ်ယူမှုကို အဆုံးသတ်ခြင်း မရှိသေးပဲ လက်ရှိမှာလည်း သူတို့ရဲ့ ခါးသီးပြိုင်ဘက် အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်လို့နေတဲ့ ဘရာဇီးလ် တောင်ပံကစားသမား ရာဖင်ညာကိုပါ အာဆင်နယ်နဲ့အပြိုင် ကမ်းလှမ်းဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Forbes

စပါးအသင်းဟာ တောင်ပံကစားသမား အိုင်ဗန်ပါရီဆစ် ဂိုးသမား ဖော်စတာနဲ့ ကွင်းလယ်လူ ဘစ်ဆူးမားတို့ကို ခေါ်ယူအားဖြည့်ထားခဲ့ပြီး ခံစစ်ပိုင်းအတွက် ဗဟိုနောက်ခံစစ်နေရာနဲ့ ညာနောက်ခံနေရာတို့အပြင် တိုက်စစ်ပိုင်းအတွက်ပါ နောက်ထပ်ကစားသမားသစ်တွေကို အလိုရှိနေတာ ဖြစ်ပါတယ်။ လက်ရှိ စပါးရဲ့ တိုက်စစ်အစုအဖွဲ့မှာ ဟာရီကိန်း ဆွန်ဟောင်မင် မော်ရာ ကူလူဆက်ဗ်စကီး ပါရီဆစ် ဘာ့ဂျ်ဝင်းတို့ ရှိနေပေမယ့် ဘာ့ဂျ်ဝင်းက အေဂျက်စ်ကို ပြောင်းရွှေ့ဖွယ် ရှိနေတာကြောင့် တိုက်စစ်အားသန်တဲ့ တောင်ပံကစားသမား ရာဖင်ညာကို အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Football365

အသက်(၂၅)နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင် တောင်ပံကစားသမား ရာဖင်ညာကို အာဆင်နယ် စပါး ချယ်လ်ဆီးတို့လို ပရီးမီးယားလိဂ်ရဲ့ လန်ဒန်အသင်းကြီးတွေက စိတ်ဝင်စားနေကြပေမယ့်လည်း ကစားသမားကိုယ်တိုင်ကတော့ ဘာစီလိုနာအသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေပြီး ဘာစီလိုနာနဲ့ သဘောတူညီမှု ရယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လိဒ်စ်ယူနိုက်တက်ဘက်က သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်(၅၅)သန်းလောက်အထိ အလိုရှိနေတာဖြစ်ပြီး ဘာစီလိုနာဘက်ကတော့ ရာဖင်ညာအတွက် အဲ့ဒီလောက်အထိ ပေးချေသွားဖို့ ဆန္ဒမရှိတာကြောင့် ခေါ်ယူဖို့ကို လက်လျှော့လိုက်ပြီလို့ သတင်းလာထွက်တဲ့အတွက် လန်ဒန်ကလပ်အသင်းတွေက ရာဖင်ညာရဲ့အေးဂျင့်ကို အပြိုင်ဆက်သွယ်လာခဲ့ကြပါတယ်။ လတ်တလော အခြေအနေတွေအရ လန်ဒန်(၃)သင်းလုံးမှာ အာဆင်နယ်အသင်းက ရာဖင်ညာကို ခေါ်ယူနိုင်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေရပေမယ့်လည်း စပါးအသင်းကတော့ သူတို့ရဲ့ အခါးသီးဆုံး မြို့ခံပြိုင်ဘက် အာဆင်နယ်ကို လုံးဝအလျှော့မပေးပဲ ရာဖင်ညာကို အပြိုင်ကမ်းလှမ်းသွားဖို့ အစီအစဉ် ရှိနေတယ်လို့ သိရပါတယ်။

Exit mobile version