လာမယ့်ဇွန်လ(၃၀)ရက်နေ့မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဘယ်ဂျီယံညာနောက်ခံကစားသမား သောမတ်စ်မြူနီယာကို အာဆင်နယ် စပါးအသင်းတို့အပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်းပေါင်းများစွာကနေ ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့်လည်း ဒီအသင်းတွေအားလုံးထက် ဒေါ့မွန်အသင်းက လက်ဦးမှုရယူကာ မြူနီယာကို (၄)နှစ်စာချုပ်နဲ့ ခေါ်ယူဖို့အတွက် သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Ronaldo

အသက်(၂၈)နှစ်အရွှယ် ဘယ်ဂျီယံလက်ရွေးစင် နောက်ခံအစွန်လူ မြူနီယာဟာ ၂၀၁၆ခုနှစ်ကမှ ဘယ်ဂျီယံကလပ် ဂျန့်အသင်းက ပီအက်စ်ဂျီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ လီဂူးချန်ပီယံဆုကို (၃)ကြိမ်တိုင် ပိုင်ဆိုင်ခဲ့ပေမယ့် အသင်းရဲ့ပွဲထွက်ကစားသမားအဖြစ် ပုံမှန်ကစားရခြင်းမရှိတာကြောင့် သက်တမ်းတိုးဖို့ကို ငြင်းဆိုခဲ့တဲ့အပြင် ပီအက်စ်ဂျီဘက်ကနေ ကမ်းလှမ်းခဲ့တဲ့ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ပြီးဆုံးချိန်ထိ ဆက်ရှိနိုင်မယ့် ကာလတိုစာချုပ်ကိုပါ ထပ်မံပယ်ချခဲ့ပါသေးတယ်။ ဒီလို အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ချက်ထားတဲ့ မြူနီယာဟာ လာမယ့်ဇူလိုင်လ(၁)ရက်နေ့မှာ ဒေါ့မွန်အသင်းသားတစ်ယောက် ဖြစ်လာပါတော့မယ်။

Photo Credit : Sky Sports

မြူနီယာဟာ ပရီးမီးယားလိဂ် အသင်းတော်တော်များများနဲ့ သတင်းထွက်ခဲ့ပြီးတော့ မနှစ်က နွေစျေးကွက်အတွင်းမှာလည်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့လည်း သတင်းထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် လာမယ့်ရာသီမှာ (၂)ရာသီ အငှားစာချုပ်ပြည့်မြောက်သွားလို့ ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြန်လည်ပို့ဆောင်ရတော့မယ့် ဟာခီမီနေရာအတွက် ကစားသမားသစ်တစ်ယောက် လိုအပ်နေတဲ့ ဒေါ့မွန်အသင်းက မြူနီယာကိုရရှိဖို့ လျင်လျင်မြန်မြန် လှုပ်ရှားနိုင်ခဲ့တာကြောင့် (၄)နှစ်စာချုပ် ချုပ်ဆိုနိုင်တော့မှာပဲဖြစ်ပါတယ်။ အခုလို မြူနီယာကို လက်လွတ်လိုက်ရတဲ့ ပီအက်စ်ဂျီအသင်းအနေနဲ့ နောက်ထပ် အသင်းရဲ့ခံစစ်ကစားသမားတွေဖြစ်တဲ့ အသင်းခေါင်းဆောင် သီယာဂိုဆေးဗားနဲ့ ဘယ်နောက်ခံလူကာဇာဝါအပြင် အသင်းရဲ့အမြဲတမ်း ဂိုးသွင်းအများဆုံး တိုက်စစ်မှူးကြီးဖြစ်တဲ့ ကာဗာနီတို့ကိုလည်း ဇွန်လအကုန်မှာ အသင်းကနေ ထွက်ခွာခွင့်ပေးရတော့မှာဖြစ်လို့ လူအင်အားပြန်လည်ဖြည့်တင်းမှုတွေ များစွာလုပ်ဆောင်ဖို့လည်း လိုအပ်နေပါတယ်။