ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လန်ဒန်မြို့ခံ ထိပ်သီးအသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးအသင်းတို့ဟာ ဖီအိုရင်တီးနားအသင်းရဲ့ တိုက်စစ်ကစားသမား ဒူဆန်ဗလာဟိုဗစ်ကို အပြိုင်ခေါ်ယူကြဖို့ စိတ်ဝင်စားနေကြပေမယ့်လည်း လက်ရှိမှာတော့ ဗလာဟိုဗစ်ထက် နောက်ထပ် အရည်အသွေး မြင့်မားတဲ့ တိုက်စစ်မှူးဖြစ်တဲ့ လေဗာကူဆင် တိုက်စစ်ကစားသမား ပက်သရစ်ရှစ်ခ်ကို ပြောင်းလဲပစ်မှတ်ထားလာတယ်လို့ သိရှိရပါတယ်။

Photo Credit : News Update

ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာ ချက်လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြပြီး သွင်းဂိုး(၅)ဂိုးထိ သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ပက်သရစ်ရှစ်ခ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာလည်း လေဗာကူဆင်အသင်းအတွက်ပါ သွင်းဂိုးများစွာ သွင်းယူပေးထားသလို စွမ်းဆောင်ရည်ကောင်းတွေလည်း ပြသထားနိုင်ပါတယ်။ အသက်(၂၅)နှစ်အရွှယ်သာ ရှိသေးတဲ့ ပက်သရစ်ရှစ်ခ်ဟာ ဒီရာသီအတွင်း ဂိုးသွင်းစွမ်းရည်ကောင်းတွေ ပြသထားသလို ဘွန်ဒစ်လီဂါပြိုင်ပွဲမှာလည်း သွင်းဂိုး(၁၆)ဂိုးထိ သွင်းယူထားပြီး ဘိုင်ယန်ရဲ့ ပိုလန်တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးနဲ့ (၃)ဂိုးအကွာ အနေအထားထိပါ ရောက်ရှိနေသူ ဖြစ်ပါတယ်။

Photo Credit : Bundesliga

အခုလို တိုက်စစ်စွမ်းရည်ကောင်းတွေ ပြသလို့နေတဲ့ ပက်သရစ်ရှစ်ခ်ကို အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ကနေ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး သူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဆာဘီးယား တိုက်စစ်ကစားသမား ဗလာဟိုဗစ်ထက် ပြောင်းရွှေ့ကြေး နည်းပါးနိုင်တာကြောင့် ပက်သရစ်ရှစ်ခ်ကိုသာ ပြောင်းလဲပစ်မှတ်ထားလာရတာ ဖြစ်တယ်လို့ သိရပါတယ်။ လေဗာကူဆင်အသင်းက သူတို့ရဲ့ အဓိက ကစားသမား ပက်သရစ်ရှစ်ခ်အတွက် တန်ကြေး ဘယ်လောက်ထိ သတ်မှတ်ထားသလဲဆိုတာကို မသိရှိရသေးပေမယ့်လည်း နာမည်ကြီး ဘောလုံးဝက်ဆိုဒ်ကြီးဖြစ်တဲ့ Transfermaket ရဲ့ ဖော်ပြချက်မှာတော့ ပက်သရစ်ရှစ်ခ်ရဲ့ တန်ကြေးကို ယူရိုသန်း(၄၀) သတ်မှတ်ထားပါတယ်။ ဒါပေမယ့်လည်း ပက်သရစ်ရှစ်ခ်ဟာ လေဗာကူဆင်အသင်းနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် အသင်းဘက်ကနေ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို သူတို့စိတ်ကြိုက် တောင်းဆိုလာနိုင်ဖွယ် ရှိနေတာက အာဆင်နယ် စပါးအသင်းတွေအတွက် အကျပ်ရိုက်စရာ ဖြစ်လာနိုင်ပါတယ်။