လိုက်ပ်ဇစ်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ယောက်လည်းဖြစ် အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ မာဆယ်ဆာဘစ်ဇာကတော့ လိုက်ပ်ဇစ်အသင်းမှာ အထူးခြေစွမ်းပြနိုင်တဲ့ ကစားသမားတစ်ယောက် ဖြစ်တာကြောင့် သူ့ကို ဥရောပထိပ်သီး ကလပ်အသင်းတွေကနေ စိတ်ဝင်စားနေကြပြီး ဒီအသင်းတွေထဲကမှ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးအသင်းတို့က ဆာဘစ်ဇာကို အရခေါ်ယူချင်နေပါတယ်။

Photo Credit : The Sun

အသက်(၂၆)နှစ်အရွှယ်ရှိ သြစတြီးယားလက်ရွေးစင် ကွင်းလယ်ကစားသမား ဆာဘစ်ဇာဟာ လိုက်ပ်ဇစ်ရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး ၂၀၁၄ခုနှစ်ကမှ သြစတြီးယားကလပ် ရက်ပစ်ဝီအန်ကနေ လိုက်ပ်ဇစ်ဆီကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်တိုက်စစ်နေရာနဲ့ လိုအပ်ရင် ညာတောင်ပံမှာပါ ပါဝင်ကစားတတ်တဲ့ ဆာဘစ်ဇာကို လန်ဒန်အခြေစိုက် ကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးအသင်းတို့ကနေ ပစ်မှတ်ထားလျက်ရှိလာခဲ့သလို အခုနောက်ဆုံး ထွက်ပေါ်ထားတဲ့ သတင်းတွေအရလည်း ကစားသမားကိုယ်တိုင်က အသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းထားမှုကို ငြင်းဆန်ပယ်ချလိုက်တယ်လို့ သိရှိရပြီး ဒါဟာ သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေအတွက်ကတော့ သတင်းကောင်းတစ်ပုဒ် ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Bundesliga News

လက်ရှိတန်ကြေးအရ ယူရို(၃၅)သန်းဝန်းကျင်လောက်ရှိတဲ့ ဆာဘစ်ဇာဟာ လာမယ့်၂၀၂၂ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တာကြောင့် သူ့ကို လာမယ့်နှစ်အတွင်း မရောင်းချနိုင်ခဲ့ဘူးဆိုရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ပါ ဆုံးရှုံးရနိုင်တာဖြစ်လို့ လိုက်ပ်ဇစ်အသင်းအနေနဲ့ သူတို့ကစားသမားအတွက် စာချုပ်ကိစ္စ အဆင်မပြေနိုင်ခဲ့ဘူးဆိုရင် လာမယ့်နွေစျေးကွက်မှာ မဖြစ်မနေ ရောင်းချရဖွယ် ရှိနေပါတယ်။ လိုက်ပ်ဇစ်အသင်းဘက်ကတော့ ဆာဘစ်ဇာရဲ့ စာချုပ်သစ်ကိစ္စဟာ လုပ်ဆောင်နေဆဲသာရှိပြီး ကစားသမားဘက်က စာချုပ်သက်တမ်းတိုးဖို့အတွက် အခုနှစ်ဘောလုံးရာသီမှာသာ အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူသွားဖို့ကို အာရုံစိုက်ထားတာကြောင့် စာချုပ်ကိစ္စဘက်ကို မလှည့်နိုင်သေးတာဖြစ်တယ်လို့ လိုက်ပ်ဇစ်အသင်း ဒါရိုက်တာဖြစ်သူက ထုတ်ပြန်ပြောဆိုထားခဲ့ပါတယ်။ ဆာဘစ်ဇာဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ လိုက်ပ်ဇစ်အတွက် ပြိုင်ပွဲစုံ(၁၈)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး (၃)ဂိုးသွင်းယူကာ (၃)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဆာဘစ်ဇာလိုပဲ လာမယ့်ဘောလုံးရာသီမှာ လိုက်ပ်ဇစ်အသင်းကို စွန့်ခွာသွားနိုင်တဲ့ ကြယ်ပွင့်ကစားသမားတစ်ယောက်လည်း ရှိနေသေးပြီး ဒီကစားသမားကတော့ အသင်းရဲ့ အဓိကနောက်ခံလူတစ်ယောက်ဖြစ်တဲ့ ဒေးယော့အူပါမယ်ကာနိုဖြစ်ကာ ဆာဘစ်ဇာနဲ့အတူ အင်္ဂလန်မြေကို ရောက်ဖွယ်ရှိနေပါတယ်။