ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်ကြတဲ့ အာဆင်နယ်နဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းတို့ဟာ လိုင်လီအသင်းရဲ့ တိုက်စစ်ကစားသမားလေး ဂျိုနသန်ဒေးဗစ်ကို လာမယ့် နွေစျေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့အတွက် အပြိုင်စိတ်ဝင်စားနေကြပြီး နှစ်သင်းလုံးက တိုက်စစ်ပိုင်းကို အင်အားဖြည့်သွားဖို့အတွက် ဒေးဗစ်ကို အရခေါ်ယူဖွယ် ရှိနေပါတယ်။

Photo Credit : The Sun

ဒီနှစ်ဘောလုံးရာသီ ပြင်သစ်လီဂူးပြိုင်ပွဲမှာ သွင်းဂိုး(၁၂)ဂိုးထိ သွင်းယူထားပြီး ဒီရာသီရဲ့ လီဂူးပြိုင်ပွဲအတွင်း ဒုတိယ သွင်းဂိုးအများဆုံး ကစားသမား ဖြစ်လို့နေတဲ့ ဂျိုနသန်ဒေးဗစ်ကို ဥရောပထိပ်တန်း ကလပ်အသင်းများစွာကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြပြီး ဒီအသင်းတွေထဲမှာ အာဆင်နယ်က ထိပ်ဆုံးမှာ ပါဝင်လို့နေပါတယ်။ ပြီးခဲ့တဲ့ ဆောင်းစျေးကွက်က အူဘာမီယန်းကို ဆုံးရှုံးထားပြီး ရာသီအကုန်မှာလည်း လာကာဇက်ကိုပါ လက်လွတ်ရဖွယ် ရှိလို့နေတဲ့ အာဆင်နယ်ဟာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ကနေဒါ တိုက်စစ်မှူးလေး ဂျိုနသန်ဒေးဗစ်ကို ပစ်မှတ်ထားနေတာဖြစ်ပြီး လက်ရှိမှာတော့ ဒေးဗစ်ကို အာဆင်နယ်နဲ့အပြိုင် နယူးကာဆယ်ကပါ ကမ်းလှမ်းမှုတွေ ပြုလုပ်ဖွယ် ရှိနေပါတယ်။

Photo Credit : The Sun

ပြီးခဲ့တဲ့ ဆောင်းစျေးကွက်အတွင်းမှာ ကစားသမား ခေါ်ယူမှုတွေကို များစွာပြုလုပ်လို့ထားတဲ့ နယူးကာဆယ်အသင်းဟာ Reims အသင်းရဲ့ တိုက်စစ်ကစားသမား အိခီတိခီကို ခေါ်ယူဖို့အတွက် အဆင်မပြေတွေ ဖြစ်ခဲ့ရတာကြောင့် လာမယ့်နွေမှာ နောက်ထပ် လီဂူးတိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဒေးဗစ်ကို ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။ အာဆင်နယ် နယူးကာဆယ်တို့အပြင် အင်တာမီလန် ချယ်လ်ဆီးနဲ့ ဒေါ့မွန်အသင်းတို့ပါ စိတ်ဝင်စားနေရတဲ့ ဒေးဗစ်ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ သူရဲ့အနာဂတ်အတွက် ဆုံးဖြတ်ချက်ကြီး ချမှတ်ဖွယ် ရှိလို့နေပြီး လက်ရှိကလပ် လိုင်လီအသင်းကနေ ထွက်ခွာဖွယ် ရှိနေတာကြောင့် သူရဲ့အခြေအနေကို ကလပ်အသင်းတွေကြီးက စောင့်ကြည့်နေရတာ ဖြစ်ပါတယ်။ အသက်(၂၂)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ကနေဒါ တိုက်စစ်ကစားသမားလေး ဒေးဗစ်ဟာ ၂၀၂ဝခုနှစ်မှာပဲ ဘယ်လ်ဂျီယံ ဂျန့်အသင်းကနေ လိုင်လီအသင်းဆီ (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းအတွက် (၇၉)ပွဲ ပါဝင်ထားပြီး (၂၉)ဂိုး သွင်းယူထားခဲ့သလို ပြီးခဲ့တဲ့ရာသီမှာလည်း လိုင်လီအသင်းနဲ့အတူ ပြင်သစ်လီဂူး ချန်ပီယံဆုကိုပါ ရယူထားနိုင်ခဲ့ပါတယ်။