နောက်ပိုင်းပွဲစဉ်တွေ ရလဒ်တွေ တောက်လျှောက်ပြန်ကောင်းလာလို့ ဥရောပဝင်ခွင့် တစ်နေရာစာကို ပြန်လည်မျှော်မှန်းလာနိုင်တဲ့ အာဆင်နယ်အသင်းနဲ့ ရလဒ်တွေဆိုးရွှားနေပေမယ့် နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ နိုင်ပွဲပြန်ရှာတွေ့ထားတဲ့ လက်စတာအသင်းတို့ဟာ ဒီနေ့ညမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၄)အဖြစ် ဆုံတွေ့နေခဲ့ကြပြီး တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။

အိမ်ရှင်အာဆင်နယ်အသင်းရဲ့လူစာရင်းမှာ အူဘာမီယန်း လာကာဇက် ဆာခါ ချာကာ စီဘယ်ယို့စ် တီယာနေး ဘယ်လာရင် ဒေးဗစ်လုဇ် မူတာဖီ ကိုလာစီနက်နဲ့ မာတီနက်ဇ်တို့ ပါဝင်လာခဲ့သလို ချီဝဲလ်နဲ့ မက်ဒီဆန်တို့ မပါဝင်နိုင်ခဲ့တဲ့ လက်စတာအသင်းဘက်မှာလည်း ဗာဒီ အီယန်နာချို အယ်ဘရိုက်တန် တိုင်လီမန်းစ် အမ်ဒီဒီ ဂျက်စတင် ဘန်နန် အီဗန် ဆိုရန်ကူ ပီရက်ဇ်နဲ့ ရှမိုက်ကယ်တို့ ပါဝင်လာခဲ့ပါတယ်။ ဝုလ်ဗ်လို ကစားရခက်တဲ့ အသင်းမျိုးကိုတောင် အဝေးကွင်းမှာ အနိုင်ကစားခဲ့တဲ့ အာဆင်နယ်ဟာ ဒီပွဲရဲ့ ပထမပိုင်းအတွင်းမှာလည်း အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး နေရာစုံမှာ အမှားအယွင်းကင်းအောင် ကစားသွားခဲ့သလို အူဘာ လာကာ ဆာခါတို့ (၃)ယောက်အတွဲကလည်း ဂိုးကန်ခွင့်တွေများစွာကို ပိုင်ဆိုင်ခဲ့ပါတယ်။ တိုက်စစ်က လုပ်အားကောင်းခဲ့တဲ့ အာဆင်နယ်ဟာ (၂၁)မိနစ်မှာပဲ အဖွင့်ဂိုးကို ပိုင်ဆိုင်ခဲ့ပြီး အူဘာမီယန်းက ဆာခါထိုးပေးလိုက်တာကနေတစ်ဆင့် သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း အာဆင်နယ်ကပဲ ပွဲကိုပိုမိုစိုးမိုးနိုင်ခဲ့ပြီး ဒေးဗစ်လုဇ်ရဲ့ဖရီးကစ်ကန်ချက်မှာလည်း ရှမိုက်ကယ်ကာကွယ်ခဲ့လို့သာ ဂိုးထပ်မရခဲ့တာဖြစ်ပါတယ်။ ချေပဂိုးသွင်းဖို့ လိုအပ်နေတဲ့ လက်စတာကတော့ ဒုတိယပိုင်းမှာ ဟာဗေးဘမ်းစ်နဲ့ ခရစ္စတီယန်ဖျူစ်တို့ကို ထည့်သွင်းလာခဲ့ပေမယ့် တိုက်စစ်အရှိန်က အရမ်းမတတ်လာသေးပဲ ဗာဒီကိုယ်တိုင်ပါ ခြေမပေါ်ခဲ့ပါဘူး။ အာဆင်နယ်ကတော့ တည်တည်ငြိမ်ငြိမ် ထိန်းကစားရင်းနဲ့ (၇၅)မိနစ်အရောက်မှာတော့ လူစားဝင်လာခဲ့တဲ့ လူငယ်ကစားသမားလေး အန်ခီတီယက် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရလို့ လက်ကျန်ပွဲချိန်တွေကို ကစားသမားဆယ်ယောက်တည်းနဲ့ ဆက်လက်ယှဉ်ပြိုင်ခဲ့ရပြီး (၈၅)မိနစ်အရောက်မှာ ဗာဒီရဲ့ချေပဂိုးကိုပါ ခွင့်ပြုလိုက်ရပါတယ်။