MySport Myanmar

စာချုပ်ဖျက်သိမ်းကြေး ပေါင်(၇၁)သန်းရှိတဲ့ သူရမ်ကို အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ ပစ်မှတ်ထား

လန်ဒန်အခြေစိုက် ထိပ်တန်းကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ လာမယ့်နွေမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် အင်တာမီလန်က ပြင်သစ်တိုက်စစ်မှူး မားကပ်စ် သူရမ်ကို အပြိုင်အဆိုင် ပစ်မှတ်ထားနေကြတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အာဆင်နယ်ရော ချယ်လ်ဆီးရောကပါ နှစ်သင်းလုံးက အသင်းအတွက် အထောင်တိုက်စစ်ကစားသမားကောင်းတွေ လိုအပ်လျက် ရှိနေကြပြီး နွေဈေးကွက် ပြန်လည်ဖွင့်ချိန်မှာတော့ ထိပ်တန်း နံပါတ်(၉) တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖြည့်တင်းသွားဖို့ စီစဉ်ထားသလို သူတို့ ချိန်ရွယ်ထားတဲ့ ကစားသမားထဲမှာ သူရမ်ပါ ပါဝင်နေပါတယ်။

Photo Credit : Sports Mole

အသက်(၂၇)နှစ်အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား သူရမ်ဟာ ၂၀၂၃ခုနှစ်ကမှ မိုချန်ဂလာဘတ်ကနေ အင်တာမီလန်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုဆိုရင် အင်တာ ကစားသမားဘဝ ဒုတိယမြောက် ရာသီမှာပဲ အသင်းအတွက် ပြိုင်ပွဲစုံ (၃၁)ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

တကယ်တော့ သူရမ်က မိုချန်ဂလာဘတ်နဲ့ စာချုပ်ကုန်ဆုံးခါနီးမှာပဲ သူ့ကို ကလပ်အသင်းပေါင်းစုံက အပြိုင်စိတ်ဝင်စားခဲ့ကြပြီး ဒီထဲကမှ အင်တာမီလန်က သူရမ်ကို အရ ခေါ်ယူလိုက်နိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အင်တာက လူကာကူနေရာအတွက် သူရမ်ကို ခေါ်ယူခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကတည်းက အင်တာရဲ့ ဦးစားပေး ကစားသမားအဖြစ်ပါ ဆက်တိုက် ကစားခဲ့ရပါတယ်။

Photo Credit : Caught Offside

အင်တာက သူရမ်ကို ၂၀၂၈ခုနှစ်အထိ စာချုပ်သက်တမ်းရှိမယ့် (၅)နှစ်စာချုပ်ကို ချုပ်ဆိုခဲ့သလို ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေါင်(၇၁)သန်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ကနဦးပိုင်းက သူရမ်ကို လီဗာပူးလ်ကပါ စိတ်ဝင်စားနေပေမယ့် အခုတော့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့သာ ဒီကစားသမားကို ဆက်လက် ပစ်မှတ်ထားနေပါတော့တယ်။

အာဆင်နယ်ကတော့ နွေမှာ အထောင်တိုက်စစ်မှူးတစ်ဦး မဖြစ်မနေ ခေါ်ယူရဖို့ ရှိနေတာကြောင့် လိုက်ပ်ဇစ်ရဲ့ ဆက်စ်ကို ၊ ဂျုဗင်တပ်စ်က ဗလာဟိုဗစ်တို့အပြင် သူရမ်ကိုပါ အလိုရှိနေပြီး ချယ်လ်ဆီးကလည်း အသင်းမှာ တိုက်စစ်ကစားသမားတွေ များနေပေမယ့် အထောင်တိုက်စစ်နေရာအတွက် သူရမ်ကို ခေါ်ယူသွားချင်နေပါတယ်။

Exit mobile version