ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတွေထဲက တစ်သင်း အပါအဝင် ဖြစ်တဲ့ အာဆင်နယ် အသင်း ကတော့ ပြင်သစ် ကလပ် လိုင်ယွန်အသင်းရဲ့ ကွင်းလယ်လူ အာဝါ ကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် ကွင်းလယ်လူ ဟူဆန် အာဝါဟာ အာဆင်နယ် အသင်းရဲ့ နည်းပြ အာတီတာရဲ့ စိတ်ကြိုက် ကစားသမား တစ်ဦး ဖြစ်ပြီး အာဝါကို ခေါ်ယူဖို့ အတွက် အာဆင်နယ် အသင်းဟာ တစ်လနီးပါး ကြာအောင် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး ယခုအချိန်မှသာ အာဝါ ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တာပါ။

Photo Credit: Football London

ယခင်က အာဝါကို ခေါ်ယူဖို့ အတွက် အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ် အသင်းနဲ့ ပရီးမီးယားလိဂ် နာမည်ကြီး အသင်း ဖြစ်တဲ့ မန်စီးတီး အသင်းတို့က ရေပန်းစား နေခဲ့ပေမယ့် ကိုဗစ်ကာလ အကြပ်အတည်း ကြောင့် ဂျူဗင်တပ် အသင်းနဲ့ မန်စီးတီး အသင်းတို့ဟာ အာဝါကို ခေါ်ယူဖို့ အတွက် ကမ်းလှမ်းခဲ့ခြင်း မရှိပါဘူး။ အာဆင်နယ် အသင်းကတော့ အဆိုပါ အခြေအနေ ကို အသုံးချပြီး အာဝါကို ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ကာ လက်ရှိမှာတော့ အာဝါကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ရုံသာ မကပဲ လိုင်ယွန် အသင်းထံ အာဝါ အတွက် ပထမဦးဆုံး အကြိမ် တရားဝင် ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့တယ် လို့ Tele Foot သတင်းဌာနက ဖော်ပြ သွားခဲ့ပါတယ်။

Photo Credit: Football London

ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ အာဆင်နယ် အသင်းဟာ အာဝါ အတွက် လိုင်ယွန် အသင်းထံ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း + အပိုဆုကြေးတွေနဲ့ ကမ်းလှမ်း ခဲ့တာ ဖြစ်ပြီး လိုင်ယွန် အသင်းဘက်က အာဝါအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၀ သန်း ဝန်းကျင် အလို ရှိနေတာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ဟာ အနည်းငယ် အလှမ်းဝေး နေသေးတယ် လို့ ဆိုရမှာပါ။ ဒါပေမယ့် လိုင်ယွန် အသင်းဟာ အာဆင်နယ် အသင်းရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံ ဆွေးနွေး နေတာကြောင့် အာဆင်နယ် အသင်းကသာ ပြောင်းရွှေ့ကြေး ကို တိုးမြှင့် ကမ်းလှမ်းပါက အပြောင်းအရွှေ့ ဟာ ကျိန်းသေပေါက် ဖြစ်ပေါ် လာဖွယ် ရှိပြီး အာဆင်နယ် အသင်း အနေနဲ့ အာဝါ အတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်း + အပိုဆုကြေး ပေါင် ၁၅ သန်း ဆိုတဲ့ ကမ်းလှမ်းမှုမျိုးသာ ပြုလုပ်ခဲ့ရင် အာဝါကို အအဆင်နယ် အသင်းရဲ့ ဝတ်စုံနဲ့ မြင်တွေ့ ရနိုင်ပါတယ်။