ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းရဲ့ ကွင်းလယ်လူ လိုကွန်ညာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ လိုကွန်ညာဟာ အန်ဒါလက်ချ်အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သလို အသင်းခေါင်းဆောင်လည်း ဖြစ်တာကြောင့် ဘယ်လ်ဂျီယံလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူ တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။

Photo Credit: Express

အာဆင်နယ်အသင်းဟာ ယခုနှစ် နွေအပြောင်းအရွှေ့မှာ အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင် ဖြစ်သူ ကွင်းလယ်လူ ချာကာကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတာကြောင့် ချာကာရဲ့ နေရာ အတွက် အစားထိုးမှု အဖြစ် လိုကွန်ညာကို ခေါ်ယူဖို့ စီစဉ်ခဲ့တာ ဖြစ်ပြီး လိုကွန်ညာကလည်း အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာကြောင့် အပြောင်းအရွှေ့ဟာ ခပ်မြန်မြန်ပဲ ဖြစ်ပေါ်လာတာပါ။

လိုကွန်ညာကို ခေါ်ယူဖို့ အာဆင်နယ်အသင်း အပါအဝင် စီးရီးအေ နာမည်ကြီးအသင်း တချို့က ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် လိုကွန်ညာဟာ အာဆင်နယ်အသင်းထံသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး အာဆင်နယ်အသင်းဟာ သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် ကုန်ကျဖွယ် ရှိပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ အာဆင်နယ်အသင်းဟာ လိုကွန်ညာ အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁၇သန်း ပေးချေရမှာ ဖြစ်ပြီး အပိုဆုကြေးတွေ အပြင် လိုကွန်ညာကို နောင်တချိန်မှာ ပြန်လည် ရောင်းချပါက ပြောင်းရွှေ့ကြေးရဲ့ ရာခိုင်နှုန်း တချို့ကို အန်ဒါလက်ချ်အသင်းထံ ပေးရဖို့ ရှိကြောင်း သိရပါတယ်။

ဆက်စပ်သတင်းတွေအရ အာဆင်နယ်အသင်းဟာ ဘင်ဖီကာအသင်းရဲ့ လူငယ် ဘယ်နောက်ခံလူ ဖြစ်သူ တာဗာရက်ကို ပြောင်းရွှေ့ကြေး ယူရို ၈သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ကြောင်း သိထားရပြီး တာဗာရက်ဟာ ယခုရက်ပိုင်း အတွင်းမှာပဲ လန်ဒန်မြို့ကို လာရောက်ကာ ဆေးစစ်မှု ခံယူတော့မှာပဲ ဖြစ်ပါတယ်။