ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ကတော့ သူတို့ရဲ့ ဒီနွေရာသီ တတိယမြောက် ကစားသမားသစ် ခေါ်ယူမှု အဖြစ် မန်ချက်စတာ စီးတီးရဲ့ တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇူးကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေ အားလုံးက တပြိုင်နက်ထဲ ဖော်ပြသွားခဲ့ပါတယ်။

အာဆင်နယ်က အူဘာမီယန်းနဲ့ လာကာဇက်တို့ မရှိတော့တဲ့နောက် အားနည်းသွားတဲ့ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇူးကို ခေါ်ယူဖို့ နွေရာသီ အပြောင်းအရွှေ့ စတင်ချိန်ကတည်းက ကြိုးပမ်းခဲ့တာ ဖြစ်ပြီး ယခုအချိန်မှသာ မန်ချက်စတာ စီးတီးနဲ့ ဂျေဇူးအတွက် ပြောင်းရွှေ့ကြေးကို သဘောတူညီမှု ရရှိသွားခဲ့တာပါ။

Photo Credit: Daily Star

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ဂျေဇူးကို ပြောင်းရွှေ့ကြေး ပေါင် ၄၅သန်းနဲ့ ခေါ်ယူဖို့ မန်ချက်စတာ စီးတီးနဲ့ သဘောတူညီမှု ရရှိခဲ့ပြီး အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ အတွက် ဂျေဇူးနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရဖို့သာ လိုအပ်တော့ကြောင်း သိရပါတယ်။

အသက် ၂၅နှစ် အရွယ် ဂါဘရီရယ် ဂျေဇူးက ယခု နွေအပြောင်းအရွှေ့မှာ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေသူ ဖြစ်တာကြောင့် အာဆင်နယ်က ဂျေဇူးနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရဖို့ မခက်ခဲပဲ လုပ်ခလစာနဲ့ အပိုဆုကြေးတွေ အတွက် အသေးစိတ် ညှိနှိုင်းမှုသာ လုပ်ဆောင်နေတာ ဖြစ်ပြီး မကြာခင်မှာ စာချုပ်ကိစ္စပါ သဘောတူညီမှု ရရှိတော့မယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ထပ်ဆင့် ဖော်ပြထားပါတယ်။

Photo Credit: Daily Star

အာဆင်နယ်ကတော့ ဂါဘရီရယ် ဂျေဇူးကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် လိဒ်ယူနိုက်တက်ရဲ့ ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား ရာဖင်ဟာကို ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းနေကြောင်းလည်း အာဆင်နယ်နဲ့ နီးစပ်သူတွေက အတည်ပြုပေးထားကြပါတယ်။