ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တစ်သင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ ပစ်မှတ် ကစားသမား ဖြစ်တဲ့ လိုင်လီအသင်းရဲ့ နောက်ခံလူ ဂါဘရီရယ်ကို ခေါ်ယူနိုင်ဖို့ အပြီးသတ် သဘောတူညီမှု ရရှိသွားခဲ့ပြီ လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ အသက် ၂၂နှစ်အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် နောက်ခံလူ ဂါဘရီရယ်ကို ခေါ်ယူဖို့ အတွက် နှစ်လ နီးပါးခန့် ချိတ်ဆက်ကာ ကြိုးစားခဲ့တာ ဖြစ်ပြီး ကနဦးမှာ နာပိုလီအသင်းနဲ့ ပြိုင်ဆိုင်ခဲ့ရသလို ဂါဘရီရယ်ကို ဆေးစစ်ဖို့ နီးစပ်နေချိန်မှာ အစဉ်အလာဂပြိုင်ဘက် မန်ယူအသင်းနဲ့ ထိပ်တိုက် တွေ့ခဲ့ရပါသေးတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ဂါဘရီရယ်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Express

အသက်၂၂နှစ်အရွယ်သာ ရှိသေးတဲ့ ဂါဘရီရယ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိုင်လီအသင်းရဲ့ အဓိက နောက်ခံလူအဖြစ် ခြေစွမ်းပြခဲ့သူ ဖြစ်ပြီး အာဆင်နယ်အသင်းနည်းပြ အာတီတာ ကတော့ ဂါဘရီရယ်ကို အသင်းထံ ခေါ်ယူကာ ပါဘလို မာရီ ၊ ဆာလီဘာတို့နဲ့ တွဲဖက်ပြီး သုံးဦးတန်း ခံစစ်ကို အသုံးပြုသွားဖို့ စဉ်းစားနေတာပါ။ လက်ရှိမှာတော့ ဂါဘရီရယ်ဟာ ခြေစမ်းပွဲတွေ ကစားနေတဲ့ လိုင်လီအသင်းနဲ့ အတူ ရှိနေပေမယ့် နာမည်ကြီး သတင်းထောက် Fabrizio Romano ရဲ့ ဖော်ပြချက် အရတော့ ဂါဘရီရယ်ဟာ မနက်ဖြန်မှာပဲ အာဆင်နယ်အသင်း ရှိရာ လန်ဒန်မြို့ကို လာရောက်ပြီး ဆေးစစ်မှု ခံယူကာ အပြီးသတ် ပြောင်းရွှေ့တော့မယ် လို့ သိရှိရပါတယ်။

Photo Credit: Express

Romano ရဲ့ ဖော်ပြချက်အရတော့ ဂါဘရီရယ်ဟာ တနင်္လာနေ့မှာ လန်ဒန်မြို့ဆီ ခရီးနှင်ကာ ဆေးစစ်မှု ခံယူတော့မှာ ဖြစ်ပြီး အာဆင်နယ်အသင်းဟာ ဂါဘရီရယ်ကို ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ် ချုပ်ဆိုမှာ ဖြစ်တယ် လို့ သိထားရပါတယ်။ ဂါဘရီရယ်အတွက် အာဆင်နယ်အသင်းဟာ လိုင်လီအသင်းထံကို ပြောင်းရွှေ့ကြေး ယူရို၃၀သန်း ဝန်းကျင် ပေးချေသွားရဖို့ ရှိနေပြီး ဂါဘရီရယ်ကတော့ အာဆင်နယ်အသင်း မှာ ကျောနံပါတ် ၆ကို ဝတ်ဆင် ကစားသွားမှာပါ။ ဂါဘရီရယ် ရောက်ရှိလာတာကြောင့် အာဆင်နယ်အသင်းမှာ ဗဟိုခံစစ် ကစားသမားတွေ များပြားလာခဲ့ပြီး ဂရိနောက်ခံလူ ဆိုကရာတစ် ၊ အင်္ဂလန် နောက်ခံလူတွေ ဖြစ်တဲ့ ဟိုးလ်ဒင်းနဲ့ ကော်လမ် ချမ်ဘာတို့ဟာ အာဆင်နယ်အသင်း ကနေ ရောင်းထုတ်ခံရတော့မယ် လို့ ဆက်စပ် သတင်းတွေအရ သိရပါတယ်။