ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့တဲ့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ယမန်နှစ်ကလို ရလဒ်ပိုင်း အတိမ်းအစောင်း ဖြစ်တာတွေကို ရှောင်ရှားနိုင်ဖို့ အသင်းကို လူအင်အား ဖြည့်တင်းမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပါတယ်။

လက်ရှိ နွေဈေးကွက် အတွင်းမှာ အာဆင်နယ်အသင်းဟာ နောက်ခံလူ ဘန်ဝှိုက် ၊ ကွင်းလယ်လူ လိုကွန်ညာ ၊ ဘယ်နောက်ခံလူ တာဗာရက်တို့ကို ခေါ်ယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ ၂၄နာရီ အတွင်းမှာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အိုဒီဂတ်နဲ့ ရှက်ဖီးလ် ယူနိုက်တက်အသင်းရဲ့ ဂိုးသမား ရမ်စဒယ်တို့ကို ခေါ်ယူဖို့ သဘောတူညီမှုတွေ ရရှိခဲ့ကြောင်း သိရပါတယ်။

Photo Credit: Sky Sports

အာဆင်နယ်အသင်းဟာ အိုဇေးလ် ထွက်ခွာသွားပြီးနောက် အားနည်းသွားတဲ့ အသင်းရဲ့ ကွင်းလယ်တိုက်စစ် နေရာကို အင်အားဖြည့်တင်းဖို့ ယမန်နှစ်ထဲက ကြိုးစားနေတာ ဖြစ်ပြီး လိုင်ယွန် ကွင်းလယ်လူ အာဝါ ၊ လက်စတာ ကွင်းလယ်လူ မက်ဒီဆင်တို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပေမယ့် အသင်းမှာ ရာသီဝက်အငှားနဲ့ လာရောက် ကစားကာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အိုဒီဂတ်ကိုသာ အမိအရ ခေါ်ယူခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အသက် ၂၂နှစ် အရွယ် နော်ဝေလက်ရွေးစင် ကွင်းလယ်လူ အိုဒီဂတ်ကို ပြောင်းရွှေ့ကြေး ယူရို ၃၅သန်း + အပိုဆုကြေးတွေနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး အိုဒီဂတ်ကို ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့လည်း ရှိနေပါတယ်။

Photo Credit: Sky Sports

အိုဒီဂတ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီးနောက် အာဆင်နယ်အသင်းဟာ အမှားအယွင်းတွေ များနေတဲ့ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား လေနိုကို ယှဉ်ပြိုင်ဖို့ အတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရှက်ဖီးလ်အသင်းနဲ့ အတူ လက်စွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့တဲ့ အသက် ၂၃နှစ် အရွယ် ဂိုးသမား ရမ်စဒယ်ကို ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းခဲ့ရာ အောင်မြင်မှုတွေ ရခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ရမ်စဒယ်ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၂၄သန်း + အပိုဆုကြေး ယူရို ၆သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး ရမ်စဒယ်ကို ၄နှစ် + ၁နှစ် ထပ်မံ သက်တမ်းတိုးခွင့် ပါဝင်တဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ ရှိနေပါတယ်။