ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းတသင်း ဖြစ်တဲ့ ဘရိုက်တန်အသင်းရဲ့ အသစ်စက်စက် အင်္ဂလန် လက်ရွေးစင် နောက်ခံလူ ဘန်ဝှိုက်ကို ခေါ်ယူနိုင်ဖို့ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေသာ ကျန်တော့ကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် နောက်ခံလူ ဘန်ဝှိုက်ဟာ ဗဟိုခံစစ် ၊ ညာနောက်ခံလူ ၊ ကွင်းလယ်ခံစစ် ၊ ဗဟိုကွင်းလယ် စတဲ့ နေရာစုံမှာ ဆော့ကစားနိုင်သူ တဦး ဖြစ်ကာ သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် အသင်းကြီးတချို့က စိတ်ဝင်စားနေပေမယ့် အာဆင်နယ်အသင်းက လက်ဦးမှု ရယူကာ ခေါ်ယူဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ ဘန်ဝှိုက်ဟာ နေရာစုံမှာ ကစားနိုင်စွမ်း ရှိသလို သူ့ရဲ့ ဘောလုံးပေးပို့မှု စွမ်းရည်ဟာ အတော်လေးကို ကောင်းမွန်တာကြောင့် လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ နောက်ခံလူ ဒေးဗစ်လူးဝစ်ကို ဆုံးရှုံးထားရသလို မကြာခင်မှာ အသင်းရဲ့ ကွင်းလယ်လူတွေ ဖြစ်တဲ့ တော်ရဲယားနဲ့ ချာကာတို့ကို ရောင်းချဖွယ် ရှိတဲ့ အာဆင်နယ်အသင်းဟာ ဘန်ဝှိုက်ကို ခေါ်ယူချင်နေတာပါ။ အာဆင်နယ် အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာကလည်း ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားတွေ ခေါ်ယူရင် အခြားလိဂ်က ကစားသမားတွေထက် ပရီးမီးယားလိဂ်မှာ အသားကျနေတဲ့ ကစားသမားတွေကိုသာ ခေါ်ယူဖို့ စီစဉ်ထားတာကြောင့် အာဆင်နယ်အသင်းရဲ့ အားကစား ဒါရိုက်တာ အီဒူးဟာ ဘန်ဝှိုက်ကို ခေါ်နိုင်ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

 

Photo Credit: Metro

ဘရိုက်တန်အသင်းကတော့ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ စတင်ချိန်ကတည်းက ဘန်ဝှိုက်ကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း ပေးချေရမယ်လို့ ဈေးခေါ်ထားပြီး ကနဦးမှာ အာဆင်နယ်အသင်းဟာ ဘန်ဝှိုက်အတွက် ပေါင် ၄၀သန်းတန် ကမ်းလှမ်းမှု တခု ပြုလုပ်ခဲ့ပေမယ့် ဘရိုက်တန်အသင်း ကတော့ ချက်ချင်းပဲ ပယ်ချခဲ့ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ဘန်ဝှိုက်အတွက် ဘရိုက်တန်အသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်းကို ပေးချေဖို့ သဘောတူလိုက်ပြီး ဘန်ဝှိုက်ရဲ့ အပြောင်းအရွှေ့ အတွက် အသေးစိတ် ဆွေးနွေးမှုတွေကို စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းဟာ ဘန်ဝှိုက်ကို ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုသွားမယ်လို့လည်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။