ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်အသင်းဟာ ဘရိုက်တန်အသင်းရဲ့ အင်္ဂလန် နောက်ခံလူ ဘန်ဝှိုက်ကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရော ၊ ပြောင်းရွှေ့ကြေး အတွက် သဘောတူညီမှုပါ ရယူနိုင်ခဲ့ကြောင်း နာမည်ကြီး ဗြိတိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် နောက်ခံလူ ဘန်ဝှိုက်ဟာ ဗဟိုနောက်ခံလူ ၊ ညာနောက်ခံလူ ၊ ကွင်းလယ်ခံစစ်နဲ့ ကွင်းလယ်ဗဟိုနေရာတွေမှာပါ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမား တဦး ဖြစ်သလို သူ့ရဲ့ လျင်မြန်မှု ၊ အားကောင်းတဲ့ ကြံ့ခိုင်မှုတို့နဲ့ ဘောလုံးပေးပို့မှု ကောင်းမွန်တာတွေက အာဆင်နယ်အသင်း နည်းပြ အာတီတာကို မျက်စိကျစေတဲ့ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။

Photo Credit: Standard

အာဆင်နယ်အသင်းဟာ ဘန်ဝှိုက်ကို ခေါ်ယူဖို့ အတွက် ဘရိုက်တန်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း အထိ ပေးချေဖို့ သဘောတူညီခဲ့သလို ပြောင်းရွှေ့ကြေးကို ပေးချေမယ့် နည်းလမ်းတွေ အားလုံးဟာလည်း ဘရိုက်တန်အသင်းရဲ့ အစီအမံအတိုင်းသာ ဖြစ်ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက ဖော်ပြသွားပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဇွန်လထဲက ဘန်ဝှိုက်ကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီး ဘန်ဝှိုက်ကို တပတ်လုပ်ခ ပေါင် ၁၅၀၀၀၀ ဝန်းကျင်နဲ့ ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုမယ်လို့ သိရပါတယ်။

Photo Credit: Standard

လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ဘန်ဝှိုက်ရဲ့ အပြောင်းအရွှေ့ အတွက် ဘရိုက်တန်အသင်းနဲ့ရော ဘန်ဝှိုက်နဲ့ပါ သဘောတူညီမှု ရယူနိုင်ခဲ့တာကြောင့် အပြောင်းအရွှေ့ဟာ အပြီးသတ်လုနီးပါး ဖြစ်နေကာ ဘန်ဝှိုက်ဟာ နွေရာသီ အားလပ်ရက် ပြီးဆုံးပါက အာဆင်နယ်အသင်းဆီ တိုက်ရိုက် သွားရောက်ပြီး ဆေးစစ်မှုတွေ ပြုလုပ်ဖို့ ရှိပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ဘင်ဖီကာအသင်းရဲ့ ဘယ်နောက်ခံလူ တာဗာရက်ကို ပြောင်းရွှေ့ကြေး ယူရို ၈သန်းနဲ့ ခေါ်ယူထားနိုင်သလို အန်ဒါလက်ချ်အသင်းရဲ့ ကွင်းလယ်လူ လိုကွန်ညာကိုလည်း ခေါ်ယူဖို့ သဘောတူညီမှု ရယူထားနိုင်တာကြောင့် ဘန်ဝှိုက်ဟာ သူတို့အသင်းရဲ့ တတိယမြောက် လူခေါ်ယူမှုပဲ ဖြစ်ပါတယ်။