MySport Myanmar

ကာတာစော်ဘွားတွေ မန်ယူကို ဝယ်လို့ မရအောင် တားဆီးဖို့ ကြိုးစားနေတဲ့ အာဆင်နယ်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ဥက္ကဌ ဖြစ်သူ တင် လီဝစ်က ကာတာစော်ဘွား တဦး ဖြစ်တဲ့ အယ် သနီရဲ့ မန်ချက်စတာ ယူနိုက်တက်အား ဝယ်ယူရန် ကြိုးစားနေမှုကို တားဆီးဖို့ ပရီးမီးယားလိဂ်ရဲ့ တခြားကလပ်တွေနဲ့ ပူးပေါင်းကာ လုပ်ဆောင်နေကြောင်း သိရပါတယ်။

ကာတာစော်ဘွား တဦး ဖြစ်သလို Nine Two Foundationရဲ့ တာဝန်ရှိသူလည်း ဖြစ်တဲ့ အယ် သနီဟာ ငယ်စဉ်ထဲက သူ အားပေးခဲ့ရတဲ့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ ဗြိတိန် ဘီလီယံနာ တဦး ဖြစ်သူ ရက်ကလစ်ဖ်နဲ့ အပြိုင် ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

လက်ရှိမှာ အယ် သနီနဲ့ ရက်ကလစ်ဖ်တို့က မန်ချက်စတာ ယူနိုက်တက်ကို ပေါင် ၆ ဘီလီယံ ဝန်းကျင်နဲ့ ဝယ်ယူဖို့ အတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီး သူတို့နှစ်ဦးရဲ့ ကမ်းလှမ်းမှုတွေကလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ ပိုင်ရှင် မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုထံ ရောက်ရှိနေပါပြီ။

ကာတာစော်ဘွား ဖြစ်သူ အယ် သနီက မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူပြီးရင် အသင်းရဲ့ အိမ်ကွင်း ဖြစ်တဲ့ အိုးထရက်ဖို့ဒ်ကို အဆင့်မြှင့်တင်ပေးဖို့နဲ့ အသင်းအတွက် ပေါင် ၁ဘီလီယံကျော် အသုံးပြုကာ ထိပ်တန်း ကစားသမားတွေ ဝယ်ယူပေးဖို့ပါ စီစဉ်ထားပါတယ်။

Photo Credit: Arsenal

အယ် သနီရဲ့ မိသားစုက ပေါင် ၃၃၅ ဘီလီယံ ဝန်းကျင် အထိ ကြွယ်ဝချမ်းသာတာကြောင့် အာဆင်နယ် အပါအဝင် ပရီးမီးယားလိဂ်ရဲ့ ကလပ်တချို့ဟာ အယ် သနီကသာ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူပြီးရင် မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ အောင်မြင်ကျော်ကြားမှုနဲ့ အယ် သနီရဲ့ ငွေကြေးတွေကို အသုံးပြုပြီး ကစားသမားတွေကို အဆမတန် ငွေကြေးတွေ ပုံပေးကာ ဝယ်ယူမှာကို စိုးရိမ်နေကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ်ရဲ့ ကလပ်အသင်း အများစုက ကာတာစော်ဘွား အယ် သနီရဲ့ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူမှုအား တားဆီးရန် ကြိုးစားနေကြပြီး အာဆင်နယ်ရဲ့ ဥက္ကဌဖြစ်သူ တင် လီဝစ်က အဆိုပါအုပ်စုကို ဦးဆောင်နေသူ တဦး ဖြစ်ကာ တင် လီဝစ်က အယ် သနီထက် ရက်ကလစ်ဖ်ကိုသာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပိုင်ရှင်သစ် အဖြစ် မြင်တွေ့လိုနေကြောင်း သိရပါတယ်။

Exit mobile version