MySport Myanmar

မီလန် ကွင်းလယ်လူ တိုနာလီကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ အာဆင်နယ်

နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်း အသင်းအတွက် အကျိုးပြုစေတဲ့ ခေါ်ယူမှုတွေကို လုပ်ဆောင်ထားခဲ့တဲ့ အာဆင်နယ်အသင်းဟာ လက်ရှိမှာလည်း နောက်ထပ် ကစားသမားသစ် ခေါ်ယူမှုအဖြစ် အေစီမီလန်အသင်းရဲ့ အီတလီ ကွင်းလယ်ကစားသမား ဆန်ဒရိုတိုနာလီကို ခေါ်ယူဖို့ မီလန်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Twitter

ဂါဘရီရယ်ဂျေဇူး ဇင်ချန်ကို ဗီအဲရာတို့လို ကစားသမားကောင်းတွေကို ခေါ်ယူထားနိုင်ခဲ့တဲ့ အာဆင်နယ်ဟာ ကစားသမား ခေါ်ယူမှုကို မရပ်တန့်သွားသေးပဲ ဆက်လက်ပြီး ကွင်းလယ်ပိုင်းအတွက် ကစားသမားသစ်တစ်ဦး မဖြစ်မနေ ခေါ်ယူသွားချင်နေပါတယ်။ ကွင်းလယ်ပိုင်းအတွက် တီလေမန်းစ် မီလင်ကိုဗစ် အစရှိတဲ့ ကွင်းလယ်လူတွေကို ပစ်မှတ်ထားခဲ့တဲ့ အာဆင်နယ်အသင်းဟာ လက်ရှိမှာတော့ အေစီမီလန်အသင်းရဲ့ အရည်အသွေးမြင့် ကွင်းလယ်လူ တိုနာလီကို ခေါ်ယူချင်နေသလို အပြောင်းအရွှေ့ ဖြစ်ပေါ်နိုင်ဖို့လည်း မီလန်နဲ့ အာဆင်နယ်တို့ကြား ဆွေးနွေးမှုတွေပါ လုပ်ဆောင်လျက် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

အသက်(၂၂)နှစ်အရွယ်ရှိ အီတလီလက်ရွေးစင် ကွင်းလယ်ကစားသမား တိုနာလီဟာ ဘရက်စီယာ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ဆယ်ကျော်သက်အရွယ်မှာကတည်းက သူရဲ့ကစားဟန်က အီတလီ legend player ကြီး ပီယာလိုနဲ့ ဆင်တူတယ်ဆိုပြီး ကျော်ကြားလာခဲ့ရသလို အီတလီလက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံလာခဲ့ရပါတယ်။ ဘရက်စီယာအသင်းနဲ့ စီနီယာ ကစားသမားဘဝကို စတင်ပြီး (၃)နှစ်အကြာမှာ အေစီမီလန်အသင်းကို ရောက်ရှိလာခဲ့တဲ့ တိုနာလီဟာ မီလန်နဲ့ နှစ်ရာသီ ကျင်လည်ခဲ့ပြီးနောက်မှာ စီးရီးအေချန်ပီယံဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပြီး နှစ်ရာသီအတွင်း မီလန်အတွက် ပွဲပေါင်း (၈၂)ပွဲအထိကို ပါဝင်ထားနိုင်ခဲ့ပါတယ်။ DM နေရာ CM နေရာတွေမှာ ကစားနိုင်သူဖြစ်တဲ့ တိုနာလီဟာ မီလန်ရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေပေမယ့် အာဆင်နယ်ဘက်က တိုနာလီလို အသက်ငယ်ရွယ်ပြီး talent အလွန်ရှိတဲ့ ကွင်းလယ်လူကို အရ ခေါ်ယူချင်တာကြောင့် ပြောင်းရွှေ့ကြေး ယူရို(၅၅)သန်းနဲ့ ကမ်းလှမ်းသွားဖို့ စီစဉ်လျက် ရှိနေရာ ဒီပမာဏမျိုးနဲ့သာ ကမ်းလှမ်းလာမယ်ဆိုရင် မီလန်အတွက် စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဖရန့်ကတ်ဆေးလို ကွင်းလယ်ကစားသမားကို ဆုံးရှုံးထားတဲ့ မီလန်အနေနဲ့ ဈေးကွက်တစ်ခုအတွင်းမှာပဲ နောက်ထပ် ကွင်းလယ်လူတစ်ဦးကိုပါ ထပ်မံ လက်လွတ်သွားဖွယ် မရှိနိုင်တဲ့အတွက် အာဆင်နယ်အနေနဲ့ တိုနာလီကို လိုချင်ရင် ပြောင်းရွှေ့ကြေး ဒီထက်မက တိုးမြှင့်ရဖွယ် ဒါမှမဟုတ် ကစားသမား အလိုက်ပေး ကမ်းလှမ်းရဖွယ် ရှိနေရပါတယ်။

Exit mobile version