ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ဟာ မန်ချက်စတာ စီးတီးရဲ့ တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်အတွက် ပေါင် ၅၀သန်းတန် ကမ်းလှမ်းမှု တရပ်ကို စတင် ပြုလုပ်လိုက်ကြောင်း အင်္ဂလန် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အခြေအနေ ကောင်းနေတဲ့ အာဆင်နယ်ဟာ သူတို့ရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းနိုင်ရန် ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်ကို ခေါ်ယူဖို့ တရားဝင် ကြိုးပမ်းနေတဲ့ အသင်းတသင်းပါ။

Photo Credit: Daily Mail

အာဆင်နယ်က သူတို့ရဲ့ တိုက်စစ်ပိုင်း အတွက် ပရီးမီးယားလိဂ်မှာ အသားကျပြီးသား ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူချင်နေရာ မန်ချက်စတာ စီးတီးရဲ့ ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်က သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်နေပြီး အာဆင်နယ်က ဂျီးဆပ်ကို ခေါ်ယူနိုင်ဖို့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်းကို ဂျီးဆပ်ရဲ့ အေးဂျင့်ဖြစ်သူ ပက်တီနက်တီက အတည်ပြုထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ဂျီးဆပ်ကို ခေါ်ယူနိုင်ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ဖို့ နီးစပ်ခဲ့ပြီးနောက် မန်ချက်စတာ စီးတီးနဲ့ ဆက်သွယ်ကာ ဂျီးဆပ်ရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး ဂျီးဆပ်ကို ပေါင် ၅၀သန်းနဲ့ စတင် ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

Photo Credit: Daily Mail

မန်ချက်စတာ စီးတီးက ရေးဗားပလိတ် တိုက်စစ်မှူး အယ်ဗာရက်နဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းတို့ကို ခေါ်ယူထားနိုင်တာကြောင့် ဂျီးဆပ်ကို ရောင်းချဖို့ ဆုံးဖြတ်ထားပြီး အာဆင်နယ်ဘက်က ကမ်းလှမ်းထားတဲ့ ပေါင်၅၀သန်း ဆိုတဲ့ ကမ်းလှမ်းချက်ကို လက်ခံဖွယ် ရှိတာကြောင့် ဂျီးဆပ်ရဲ့ အပြောင်းအရွှေ့က လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ရုပ်လုံးပေါ်လာဖို့ ရှိနေပါတယ်။