မနေ့ညက ကျင်းပခဲ့တဲ့ အက်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေရတဲ့ မန်စီးတီးကို အက်အေဖလားရဲ့အအောင်မြင်ဆုံးသော အသင်းဖြစ်တဲ့ အာဆင်နယ်က (၂)ဂိုးပြတ်နဲ့ကို ဂိုးပြတ်အနိုင်ယူခဲ့ပြီး ဖိုင်နယ်ကို တတ်လှမ်းသွားခဲ့ပါတယ်။ တကယ်ကို Shock ရလဒ်နဲ့ အာဆင်နယ်အသင်းက အကောင်းဆုံးကစားပြီး မန်စီးတီးကို အနိုင်ယူခဲ့တာဖြစ်သလို ပတ်ဂွာဒီယိုလာရဲ့တပည့်ကျော်ဖြစ်ခဲ့ဖူးတဲ့ အာတီတာကလည်း ဆရာသမားနဲ့ ဒုတိယအကြိမ် ဆုံတွေ့မှုမှာ အကောင်းဆုံးပညာပေးနိုင်ခဲ့ကာ ဖလားတစ်လုံးကို စတင်ဆွတ်ခူးနိုင်ဖို့ အခြေအနေကောင်းသွားခဲ့ရပါတယ်။

Photo Credit : Sportskeeda

ဒီပွဲနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း ပြောပြချင်ပါတယ်။ ပထမဆုံးတော့ မန်စီးတီးအသင်းအကြောင်းကို အရင်ပြောချင်ပါတယ်။ မန်စီးတီးနဲ့ အာဆင်နယ်နဲ့ နောက်ဆုံးဆုံခဲ့တဲ့ (၇)ကြိမ်မှာ အကြိမ်တိုင်း အနိုင်ရခဲ့ပြီး သွင်းဂိုး(၂၀)နဲ့ ပေးဂိုး(၂)ဂိုးပဲ ရှိခဲ့တဲ့အထိ အကောင်းဆုံးပုံစံ ပြသခဲ့ပေမယ့် ဒီပွဲမှာ အာဆင်နယ်က ကွင်းလယ်နဲ့ခံစစ်ပိုင်းကို အကောင်းဆုံးတည်ဆောက်လာခဲ့တာကြောင့် မန်စီးတီးတို့ အကျပ်ရိုက်ခဲ့ရသလို ဒါကို ကြိုတင်မခန့်မှန်းထားနိုင်ခဲ့တဲ့ ဂွာဒီယိုလာအတွက် Plan B ဆိုတာ မရှိခဲ့ရတာကြောင့် အခုလို ရှံးပွဲတွေ့ရတာပါ။

Photo Credit : Getty Image

ဆိုတော့ အာဆင်နယ်အသင်းအကြောင်းကို ဆက်ပြောချင်ပါတယ်။ အာတီတာလက်အောက်မှာ အရမ်းကို တောက်ပလာတဲ့ ကစားသမားတွေထဲမှာ ကွင်းလယ်လူချာကာက ထိပ်ဆုံးနေရာကကို ပါဝင်နေပါတယ်။ ချာကာက မန်စီးတီးနဲ့ပွဲမှာ ဒီဘရိုင်း ဆေးဗား ဂန်ဒိုဂန်တို့ရဲ့ဘောလုံးလမ်းကြောင်းတွေအားလုံးကို ပိတ်ပင်တားဆီးထားနိုင်ခဲ့ပြီး ကွင်းလယ်မှာရော ခံစစ်မှာပါ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မကြာသေးခင်က မန်စီးတီးနဲ့ပွဲမှာ အမှားတွေလုပ်ခဲ့မိတဲ့ ဒေးဗစ်လုဇ်ကလည်း အခုပွဲမှာ အတော်လေးကို တည်ငြိမ်စွာနဲ့ အာဆင်နယ်ခံစစ်ကို ဦးဆောင်လာနိုင်ခဲ့တာကြောင့် မန်စီးတီးမှာ တစ်ပွဲလုံးမှာ (၁)ကြိမ်လေးပဲ ဂိုးပေါက်တည့်ခဲ့အထိ တိုက်စစ်က အခက်တွေ့ခဲ့ရပါတယ်။ အဆုံးသတ်ပြောလိုတာကတော့ အူဘာမီယန်းပါ။ မန်စီးတီးဘက်ကို ဂိုးမသွင်းဖူးသေးတဲ့ အူဘာက သွင်းမယ့်သွင်းတော့လည်း မန်စီးတီးအသည်းကိုခွဲနိုင်ခဲ့တဲ့ ဂိုးတွေဖြစ်ခဲ့ပါတယ်။ တကယ်တော့ ဒီပွဲမှာ အာဆင်နယ်ကစားသွားတာက ကျစ်ကျစ်လစ်လစ်နဲ့ အမှားနည်းအောင် ကစားသွားနိုင်ခဲ့သလို မူစတာဖီ မီလန်းနိုင်းစ် တီယာနေးတို့လို ကစားသမားတွေလည်း ခြေပေါ်အောင် ကစားနိုင်ခဲ့ပါတယ်။ ရက်သတ္တပတ်အတွင်းမှာပဲ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတွေကို အနိုင်ယူခဲ့တာဆိုတော့ အာဆင်နယ်ရဲ့လက်ရှိ Form က ဒီရာသီရဲ့ အကောင်းဆုံးအနေအထားလို့တောင် သတ်မှတ်နိုင်ပါတယ်ခင်ဗျာ။