ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်း လို့ ဆိုလိုက်တာနဲ့ ဘောလုံးပရိသတ်တွေ အားလုံး ပြေးမြင်မိမယ့် လူတစ်ဦး ရှိပါတယ်။ အဆိုပါပုဂ္ဂိုလ် ကတော့ အာဆင်နယ်အသင်းရဲ့ ဂန္တဝင် နည်းပြကြီး အာစင်ဝင်းဂါးပဲ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းကို လူမသိ သူမသိ အသင်းတစ်သင်း အဖြစ်ကနေ တစ်ကမ္ဘာလုံးမှာ ပရိသတ်အင်အား အများကြီး ရှိတဲ့ အသင်းကြီးတစ်သင်း အဖြစ် ကူးပြောင်း ပေးနိုင်ခဲ့သလို ပရီးမီးယားလိဂ် သမိုင်းမှာ ဘယ်အသင်းမှ မရဖူးတဲ့ ရှုံးပွဲမရှိ စံချိန်နဲ့ အမှတ်ပေးဖလားကို သိမ်းပိုက် နိုင်ခဲ့တာတွေက အာစင်ဝင်းဂါးရဲ့ စွမ်းဆောင်မှုတွေ ဖြစ်ပြီး အာစင်ဝင်းဂါးနဲ့ အာဆင်နယ် ဆိုတာ ခွဲမြင်လို့ မရတဲ့ အရာတွေ ဖြစ်ခဲ့ပါတယ်။

Photo Credit: Football London

 

 

ဒါပေမယ့် ဘယ်အရာမှ မတည်မြဲတဲ့ လောကမှာ အာစင်ဝင်းဂါးဟာလည်း အာဆင်နယ် အသင်းနဲ့ လမ်းခွဲရတဲ့ နေ့ရက်ကို ကြုံခဲ့ ရပါတယ်။ ၁၉၉၆ ခုနှစ်ကနေ စတင်ပြီး ၂၀၁၈ ခုနှစ် အထိ အာဆင်နယ်အသင်းရဲ့ နည်းပြတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ အာစင်ဝင်းဂါးဟာ လက်ရှိ အချိန်အထိ ကမ္ဘာ့ အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရဆဲ ဖြစ်ပြီး လက်ရှိမှာတော့ အာစင်ဝင်းဂါးဟာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖြစ်တဲ့ FIFA မှာ Director of Development ရာထူးနဲ့ တာဝန် ထမ်းဆောင် နေပါတယ်။ အသက် ၇၀ အရွယ် ရှိနေပြီ ဖြစ်တာကြောင့် အာစင်ဝင်းဂါးဟာ နည်းပြဘဝထဲကို ထပ်မံ ဝင်လာတော့မှာ မဟုတ်ဘူးလို့ ထင်ကြေး ပေးမှုတွေ ရှိနေပေမယ့် အာစင်ဝင်းဂါး ကတော့ သူဟာ အသင်းတစ်သင်းကို နည်းပြဖို့အတွက် ရည်ရွယ်ထားဆဲ ဖြစ်ပြီး ကလပ်အသင်း တချို့ဟာလည်း သူ့ကို ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ကြောင်း The Times သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောပြ သွားပါတယ်။

Photo Credit: Football London

အာစင်ဝင်းဂါးကို နည်းပြအဖြစ် ခန့်အပ်ဖို့ ကမ်းလှမ်းခဲ့တဲ့ အသင်းတွေထဲမှာ ဘာစီလိုနာအသင်း ၊ ရီးရဲလ်မက်ဒရစ်အသင်း ၊ ဂျူဗင်တပ်အသင်းနဲ့ ပြင်သစ်လက်ရွေးစင် အသင်းတို့ ပါဝင်ခဲ့တဲ့ အပြင် သူ့ရဲ့ မဟာပြိုင်ဘက်အသင်း လို့ ပြောလို့ရမယ့် မန်ယူအသင်းလည်း ပါဝင်ခဲ့ကြောင်း ဝင်းဂါးက ဖွင့်ဟ သွားခဲ့ပါတယ်။ မန်ယူအသင်းက သူ့ကို နည်းပြအဖြစ် ခန့်အပ်ဖို့ စတင် ကမ်းလှမ်းခဲ့ပုံကို ဝင်းဂါးက အခုလိုပဲ ပြန်ပြောင်း ပြောပြ သွားပါတယ်။ အာစင်ဝင်းဂါးက ” နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကမ်းလှမ်းမှု တချို့ကို ရရှိခဲ့ပါတယ်။ ပြီးတော့ မန်ယူအသင်းကလည်း ကမ်းလှမ်းမှု ပြုလုပ် ခဲ့ဖူးပါတယ်။ ဘယ်အချိန်တုန်းက ကမ်းလှမ်းမှု ပြုလုပ်ခဲ့လဲ ဆိုတာ ကိုတော့ မပြောပြနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော် ပြောနိုင်တာ ကတော့ မန်ယူအသင်းဟာ နည်းပြ ရာထူးအတွက် ကျွန်တော့်ကို ကမ်းလှမ်းခဲ့တယ် ဆိုတာပါပဲ ” ဆိုပြီး ပြောပြသွားခဲ့တာပါ။