ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ စီအီးအို ဖြစ်သူ ရစ်ချက် အာနိုးလ်က အသင်းကနေ ထွက်ခွာခွင့် တောင်းခံထားတဲ့ အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို အသင်းမှာပဲ ဆက်နေအောင် အစွမ်းကုန် ကြိုးပမ်းနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဂျူဗင်တပ်ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ထံ ၂နှစ် + ၁နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းရဲ့ ဂိုးသွင်းအများဆုံးနဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Express

ရိုနယ်ဒိုက ပြီးခဲ့တဲ့ရာသီမှာ သူ့ရဲ့ တကိုယ်တော် ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ကို ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် မကူညီနိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့် မရရှိမှုကြောင့်ပဲ ယခု နွေဈေးကွက် အတွင်းမှာ အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ တောင်းဆိုထားသူပါ။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ကတော့ ဈေးကွက်အတွင်းမှာ တနှစ်ကို ဂိုး ၂၀ ၊ ၃၀ သွင်းယူပေးနိုင်မယ့် တိုက်စစ်မှူးမျိုးကို ရှာဖွေဖို့ မလွယ်တော့သလို အသင်းရဲ့ ဘက်ဂျက်တွေကိုလည်း ကွင်းလယ်လူ ခေါ်ယူမှု အပိုင်းမှာသာ သုံးစွဲချင်နေတာကြောင့် ရိုနယ်ဒိုကို မရောင်းထုတ်ချင်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ စီအီးအို ရစ်ချက် အာနိုးလ် ကိုယ်တိုင်က ရိုနယ်ဒိုကို အသင်းမှာပဲ ဆက်လက် ထားနိုင်အောင် အစွမ်းကုန် ကြိုးပမ်းနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times သတင်းဌာနက ဖော်ပြလာပါတယ်။

Photo Credit: Express

Times သတင်းဌာနရဲ့ ဖော်ပြချက်အရ ရစ်ချက် အာနိုးလ်က ရိုနယ်ဒိုကို အသင်းမှာပဲ ဆက်နေအောင် စည်းရုံးမှုတွေ ပြုလုပ်နေပြီး ယခုနှစ် ဘောလုံးရာသီမှာသာ ရိုနယ်ဒိုက အသင်းမှာ ဆက်ရှိနေရင် အသင်းအနေနဲ့ အောင်မြင်မှုတွေ ရရှိမယ်လို့ ယုံကြည်နေတာကြောင့် မကြာခင်မှာ ရိုနယ်ဒို ၊ သူ့ရဲ့ အေးဂျင့် ဂျော့စ် မန်ဒက်တို့နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ပါ စီစဉ်နေကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ရစ်ချက် အာနိုးလ်က အသင်းရဲ့ နောက်ထပ် တာဝန်ရှိသူ တဦး ဖြစ်သူ ဂျွန် မားသော့စ်နဲ့ အတူ ဘာစီလိုနာမြို့ဆီ ရောက်ရှိနေကာ ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ ဒီဂျောင်ရဲ့ အပြောင်းအရွှေ့ အတွက် ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေနဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။