လီဗာပူးအသင်းရဲ့ ခံစစ်ကစားသမား တစ်ဦးဖြစ်တဲ့ အလက်ဇန်းဒါး အာနိုးလ်ကတော့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ မန်ချက်စတာစီးတီးနဲ့ ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် လီဗာပူးအသင်းရဲ့ ပွဲစဉ်တစ်ချို့ကို လွဲချော်သွားရတော့မယ်လို့ သိရပါတယ်။ သတင်း အချက်အလက်တွေအရတော့ အာနိုးဟာ ဒဏ်ရာ ပြဿနာကြောင့် ဒီဇင်ဘာလ အစောပိုင်းလောက်ထိ လီဗာပူးအသင်းရဲ့ ပွဲစဉ်တွေမှာ ပါဝင် ကစားပေးနိုင်တော့မှာ မဟုတ်ကြောင်း သိရပါတယ်။ လီဗာပူး အသင်းအနေနဲ့ ဒီရာသီ ပုံစံကောင်းမှာ ရှိနေတယ်ဆိုပေမယ့်လည်း ခံစစ်ပိုင်းမှာတော့ ပြဿနာ ကြီးကြီးမားမား ရှိနေတာ ဖြစ်ပါတယ်။

 

Photo Credit: Express

အသင်းရဲ့ အဓိက ခံစစ်ကစားသမား တစ်ဦး ဖြစ်တဲ့ ဗာဂျယ်ဗန်ဒိုက် ကလည်း အဲဗာတန်နဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ဒီတစ်ရာသီလုံး အနားယူနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် လီပါဗူး အနေနဲ့ ဇန်နဝါရီ လ အစောပိုင်းလောက်ထိ ဗဟို ခံစစ်ကစားသမား နှစ်ဦးတည်းနဲ့သာ တောင့်ခံသွားရတော့မယ့် အခြေအနေဖြစ်ပါတယ်။ ဗဟိုခံစစ် နေရာမှာ ကစားနိုင်တဲ့ ကစားသမား တစ်ဦးဖြစ်တဲ့ ဖာဘင်ဟိုကလည်း ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရသလို သီယာဂို အယ်ကန်တာရာ နဲ့ အဲလက်စ်အောက်စလိတ်ဒ် ချိန်ဘာလေ တို့ကလည်း တနင်္ဂနွေနေ့က အီတီးဟတ်မှာ ကစားတဲ့ ပွဲစဉ်မှာ လွဲချော်ခဲ့တာကြောင့် လီဗာပူးအသင်းး အနေနဲ့ ဒဏ်ရာရ ကစားသမား အတော်များနေပြီ ဖြစ်ကာ ကလော့ပ်အနေနဲ့ အကြပ်အတည်း ကာလထဲကို ရောက်နေတယ်လို့ ဆိုရပါမယ်။

Photo Credit: Express

အလက်ဇန်းဒါး အာနိုးလ်ဟာ မန်စီးတီးနဲ့ ပွဲစဉ်မှာ ၁ နာရီပြည့်အောင် ကစားပေးခဲ့ပြီးတော့ ပွဲကစားချိန် ၆၃ မိနစ်အရောက်မှာ ဒဏ်ရာ ပြဿနာ‌ကြောင့် ဝါရင့် ကစားသမား မီလ်နာနဲ့ လူစားလဲ ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ခန့်မှန်းချက်တွေအရတော့ အာနိုးလ်ရဲ့ ဒဏ်ရာ ဟာ ပြင်းထန်တယ်လို့ ထင်ခဲ့ရပေမယ့် နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ အသက် ၂၂ နှစ်အရွယ် အာနိုးလ်ဟာ လေးပတ် ပဲ အနားယူရမယ်လို့ သိရပါတယ်။ အာနိုး အနေနဲ့ အင်္ဂလန်အသင်းရဲ့ နိုင်ငံတကာ ပွဲစဉ်တွေသာမကပဲ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ဖြစ်တဲ့ လက်စတာ၊ ဘရိုက်တန် တို့နဲ့ ပွဲစဉ်တွေကိုပါ လွဲချော်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် ပွဲစဉ်တွေ ဖြစ်တဲ့ အတ္တလန်တာ နဲ့ အေဂျက် တို့နဲ့ ကစားမယ့် ပွဲစဉ်တွေကိုလည်း လွဲချော်မှာ ဖြစ်ပါတယ်။ အာနိုးလ်အနေနဲ့ ပထမဆုံး ပြန်လည် ပါဝင်လာနိုင်တဲ့ ပွဲစဉ်‌ကတော့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကစားမယ့် ဝုဗ် နဲ့ ပွဲစဉ်မှာ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။