ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ အဓိက ညာနောက်ခံလူ အာနိုးလ် ကတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် အင်္ဂလန်ဒါဘီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို အနိုင်ယူဖို့ နည်းလမ်းတွေ ရှာတွေ့ထားကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံး အသင်းနှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ တွေ့ဆုံတဲ့ ပွဲစဉ်ကို အင်္ဂလန်ဒါဘီ အဖြစ် တင်စားကြပြီး ဒီနှစ်သင်းစလုံးဟာ ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်တိုင်း တသင်းကို တသင်း အနိုင်ရအောင် အကြိတ်အနယ် ယှဉ်ပြိုင် ကစားလေ့ ရှိပါတယ်။

Photo Credit: Goal

ယခုနှစ်မှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အပြိုင်အဆိုင် ဖြစ်နေတာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းဟာ ချန်ပီယံဆုကို ပိုမို စိန်ခေါ်နိုင်စွမ်း ရှိမှာ ဖြစ်ပြီး ဒီပွဲစဉ်ရဲ့ ရလဒ်ဟာ နှစ်သင်းစလုံး အတွက် အတော်လေးကို အရေးပါနေပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရလဒ်ပိုင်း ယိမ်းယိုင်မှုတွေ ရှိနေပြီး လီဗာပူးအသင်း ကတော့ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ထားတာကြောင့် ယခုတပတ်မှာ ယှဉ်ပြိုင် ကစားမယ့် အင်္ဂလန်ဒါဘီမှာ လီဗာပူးအသင်းက အနိုင်ရရှိဖို့ ပိုမို ရေပန်းစားနေကာ လီဗာပူးအသင်းရဲ့ အဓိက ညာနောက်ခံလူ ဖြစ်တဲ့ အာနိုးလ်ကလည်း သူတို့ဆီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို အနိုင်ရမယ့် နည်းလမ်းတွေ ရှိကြောင်း ဆိုလာပါတယ်။

Photo Credit: Goal

အာနိုးလ်က – “ ကျွန်တော့်အထင် ဒီပွဲကို နိုင်ဖို့ အရေးအကြီးဆုံး အချက်က ခံစစ်ပိုင်း ကောင်းမွန်ဖို့ပါပဲ။ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းက အတော်လေး ထက်မြက်ပြီး ကျွန်တော်တို့ သူတို့ရဲ့ တိုက်စစ်ကို ဟန့်တားနိုင်ဖို့ လိုအပ်ပါမယ်။ သူတို့မှာ ထိပ်တန်း ကစားသမားတွေ ရှိတယ်။ ပြီးတော့ သူတို့က ရှုံးနိမ့်နေရာ ကနေ အနိုင်ရလဒ် ပြန်ရအောင် တိုက်စစ်အစွမ်း ပြထားပါတယ်။ ဒါကြောင့် သူတို့တွေမှာ ယုံကြည်မှု ရှိနေမှာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီပွဲမှာ ရလဒ်ကောင်း ရချင်ရင် ခံစစ်ပိုင်း တည်ငြိမ်မှု ရရှိအောင် အရင်ဆုံး လုပ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ သူတို့အသင်းရဲ့ အားနည်းချက်တွေကို ထိုးနှက်ဖို့ လုပ်ရပါမယ်” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။