ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက ညာနောက်ခံလူ တဦး ဖြစ်သူ အလက်ဇန်းဒါး အာနိုးလ်ကတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ ပြိုင်ဘက် ဗီလာရီးရဲလ်ကို လျှော့မတွက်ကြဖို့ အသင်းဖော်တွေကို သတိပေး တိုက်တွန်းသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အစဉ်အလာ ကြီးမားတဲ့ လီဗာပူးဟာ ယခုနှစ်ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့အတူ ဆီမီးဖိုင်နယ် အထိ တက်လှမ်းထားနိုင်ပြီး ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ဖို့ ခြေတလှမ်းသာ လိုအပ်ပါတော့တယ်။

 

Photo Credit: Daily Mail

လီဗာပူးဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ စပိန်လာလီဂါကလပ် ဗီလာရီးရဲလ်နဲ့ ထိပ်တိုက် တွေ့ဆုံနေပြီး ပထမအကျော့ အဖြစ် ဗီလာရီးရဲလ်ကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားခဲ့ရာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရထားတာကြောင့် ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ အနိမ့်ဆုံး သရေ ကစားနိုင်ရုံနဲ့ ဗိုလ်လုပွဲဆီ တက်ရောက်နိုင်တော့မှာပါ။

ဒါပေမယ့် လီဗာပူးကို ပထမအကျော့မှာ ၂ဂိုးပြတ် ရှုံးနိမ့်ထားတဲ့ ဗီလာရီးရဲလ်ကလည်း ညံ့ဖျင်းတဲ့ အသင်းတသင်း မဟုတ်ပဲ ဂျူဗင်တပ် ၊ ဘိုင်ယန်မြူးနစ်တို့လို ဥရောပ အသင်းကြီးတွေကို အနိုင်ယူ ကျော်ဖြတ်ကာ ဒီအဆင့်အထိ တက်ရောက်လာနိုင်တဲ့ အသင်းတသင်း ဖြစ်တာကြောင့် လီဗာပူးအနေနဲ့ ဗီလာရီးရဲလ်ကို လျှော့တွက်လို့ မရပါဘူး။

Photo Credit: Daily Mail

ဒါကြောင့်ပဲ လီဗာပူးရဲ့ ညာနောက်ခံလူ အာနိုးလ်က စပိန်မြေမှာ ကစားရမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ ဗီလာရီးရဲလ်ကို လျှော့မတွက်ကြဖို့ အသင်းဖော်တွေကို တိုက်တွန်းခဲ့တာ ဖြစ်ပြီး သူတို့အသင်းက ဗီလာရီးရဲလ်ကို ကျော်ဖြတ်နိုင်ဖို့ သွင်းဂိုး ၁ဂိုး ရရှိအောင် သွင်းယူနိုင်ဖို့ လိုအပ်ကြောင်းလည်း ဆိုခဲ့ပါတယ်။

အာနိုးလ်က – “ဘောလုံးလောကမှာ အရာအားလုံးက ဖြစ်နိုင်ချေ ရှိပါတယ်။ ဗီလာရီးရဲလ်က ကမ္ဘာ့ထိပ်တန်း အသင်းကြီးတွေကိုတောင် အနိုင်ယူခဲ့တဲ့ အသင်းကောင်း တသင်းပါ။ ကျွန်တော်တို့တွေ ဂျူဗင်တပ်နဲ့ ဘိုင်ယန်မြူးနစ်တို့ ဘာတွေ ဖြစ်သွားလဲ ဆိုတာကို မြင်တွေ့ခဲ့ပြီးပါပြီ။ ဒါကြောင့် ကျွန်တော်တို့က သူတို့ကို လျှော့တွက်လို့ မရပါဘူး။ အခုက ပထမအကျော့ပဲ ပြီးပါသေးတယ်။ ကျွန်တော်တို့တွေ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ဖို့ ဆိုရင် ဒီပွဲမှာ သွင်းမယ့် ဗွေဆော်ဦးဂိုးက အရေးပါလိမ့်မယ်လို့ ထင်ပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။