လီဗာပူးအသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာသူ ဖြစ်ကာ တစ်ချိန်မှာ အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်လာလိမ့်မယ်လို့ ထင်ကြေး ပေးခံထားရတဲ့ လူငယ် ညာနောက်ခံလူ အာနိုးလ်ဟာ ဒေါ့မွန်အသင်းနဲ့အတူ ခြေစွမ်းပြ ကစားနေတဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို သူတို့အသင်းမှာ လာကစားဖို့အတွက် ဖိတ်ခေါ်မှုတစ်ခု ပြုလုပ်သွားခဲ့ပါတယ်။ အသက်၂၀အရွယ် ဆန်ချိုဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ဒေါ့မွန်အသင်း ကနေ ထွက်ခွာမယ့်သူအဖြစ် ရေပန်းစားနေပြီး လက်ရှိမှာတော့ သူ့ကို ခေါ်ယူဖို့အတွက် မန်ယူ အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့က အပြိုင် ကြိုးစားနေကြပြီး အာနိုးလ်က ဆန်ချိုကို လီဗာပူး အသင်းထံ လာရောက်ကစားဖို့ ဖိတ်ခေါ်ခဲ့တာ ကြောင့် ဆန်ချိုကို ခေါ်ယူဖို့အတွက် လီဗာပူး အသင်းကပါ စိတ်ဝင်စားလာနေပြီ လို့ ဘောလုံး ကျွမ်းကျင်သူတေ​ွက သုံးသပ်လိုက်ကြပါတယ်။

Photo Credit: Metro.com

အသက်၂၀အရွယ် ဂျေဒန်ဆန်ချိုဟာ လက်ရှိ ဘောလုံးရာသီမှာ ဒေါ့မွန်အသင်းရဲ့ အဓိက ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပြီး ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ၂၃ပွဲ ပါဝင် ကစားထားရာ ၁၄ဂိုးသွင်းယူထားနိုင်ခဲ့ကာ ၁၅ဂိုးအထိ ဖန်တီးပေးထားနိုင်သူပါ။ ဒါ့ကြောင့် ဒေါ့မွန်အသင်းဘက်ကလည်း ဆန်ချိုကို လွယ်လင့်တကူ ရောင်းထုတ်သွားဖို့ ဆန္ဒမရှိပဲ ဆန်ချိုကို ခေါ်ယူမယ့်အသင်းတွေဟာ စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်ကို အသုံးပြုရမယ်လို့ ဒေါ့မွန်အသင်းဘက်က သတိပေးထားပါတယ်။ လီဗာပူးမြို့ အခြေစိုက် သတင်းတွေကတော့ လီဗာပူးအသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ် ကစားသမားဖြစ်တဲ့ မာနေးဟာ အသင်းမှာ ဆက်ရှိဖို့ မသေချာတာကြောင့် ဆန်ချိုကို ခေါ်ယူဖို့ စောင့်ကြည့်လာတာ ဖြစ်တယ်လို့ ဖော်ပြထားကြပါတယ်။

Photo Credit: Metro.com

ဆန်ချိုကို လီဗာပူးအသင်းထံ လာရောက် ကစားစေချင်တဲ့ အကြောင်းကို အာနိုးလ်က အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။ ဆန်ချိုနဲ့ ပတ်သတ် ပြီး အာနိုးလ်က ” တကယ်လို့ သူသာ ကျွန်တော် တို့ အသင်းဆီ ရောက်လာခဲ့ရင် ကျွန်တော်တို့ကို ပိုကောင်းတဲ့ အသင်းတစ်သင်းဖြစ်အောင် ကူညီ နိုင်မယ့်သူပါ။ ဒါ့ကြောင့် သူသာ ကျွန်တော်တို့ဆီ ရောက်လာခဲ့ရင် ကျွန်တော် အရမ်းကို ပျော်ရွှင်မိမှာပါ။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်က သူနဲ့အတူ အင်္ဂလန်အသင်းမှာ ကစားဖူးတာ ကြောင့် သူ့ရဲ့ အရည်အသွေးကို ကောင်းကောင်း သိပါတယ်။ သူဟာ အရမ်းအရမ်းကို ပါရမီပါတဲ့ ကစားသမားတစ်ဦးပါ ” လို့ ဖွင့်ဟ သွားခဲ့တာပဲ ဖြစ်ပါတယ်။