ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ အဓိက ကစားသမား တဦး ဖြစ်သူ အလက်ဇန်းဒါး အာနိုးလ်က ဒီရာသီမှာ သူ့ရဲ့ ပစ်မှတ်ဟာ ပရီးမီးယားလိဂ် ၊ ယူရိုပါလိဂ် ၊ အက်ဖ်အေနဲ့ ကာရာဘောင်းဖလား ၄လုံးစလုံးကို တပြိုင်ထဲ သိမ်းပိုက်နိုင်ဖို့ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကြွေးကြော်သွားခဲ့ပါတယ်။

အာနိုးလ်ရဲ့ လီဗာပူးက ဒီရာသီမှာ ခြေစွမ်းကောင်းတွေ တောက်လျှောက် ပြသထားနိုင်တဲ့ အသင်း ဖြစ်ပြီး ကာရာဘောင်းပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ အထိ တက်လှမ်းထားနိုင်သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ပွဲစဉ်(၂၃) အပြီးမှာ အဆင့်(၁)နေရာကို သိမ်းပိုက်ထားနိုင်ပါတယ်။

Photo Credit: The Times

ဒါ့အပြင် လီဗာပူးက ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၁၆သင်း ရှုံးထွက်အဆင့်ဆီ တက်ရောက်ထားနိုင်သလို အက်ဖ်အေပြိုင်ပွဲမှာလည်း ၁၆သင်း ရှုံးထွက်အဆင့်ဆီ ရောက်နေပြီး အက်ဖ်အေပြိုင်ပွဲရဲ့ ၁၆သင်းအဆင့်မှာ လီဗာပူးက ဆောက်သမ်တန်ကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။

လီဗာပူးက ဖလား ၄လုံး လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ တသင်းထဲသော အသင်း ဖြစ်တာကြောင့် လက်ကျန် ရာသီဝက် ကာလအတွင်းမှာ ပွဲဆက်များဖို့ သေချာနေပေမယ့် သူတို့အသင်းရဲ့ တောင့်တင်းလှတဲ့ လူစာရင်းကြောင့် အနည်းဆုံး ဆုဖလား ၁လုံး (သို့) ၂လုံးကို သိမ်းပိုက် ရယူနိုင်ချေ ရှိနေပါတယ်။

Photo Credit: Standard

လီဗာပူးရဲ့ အဓိက ညာနောက်ခံလူ အလက်ဇန်းဒါး အာနိုးလ်ကတော့ သူတို့အသင်းဟာ ရနိုင်သမျှ ဆုဖလားတွေ အားလုံးကို ဆွတ်ခူးနိုင်ဖို့ ကြိုးစားနေသလို သူ့ရဲ့ပစ်မှတ်က ဖလား ၄လုံး ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ဖို့ ဖြစ်ကြောင်း ဆိုလာပါတယ်။

အာနိုးလ်က – “ကျွန်တော်က ရနိုင်သမျှ ဆုဖလားတွေ အားလုံးကို သိမ်းပိုက်နိုင်အောင် အာရုံစိုက် ကြိုးစားနေပါတယ်။ ကျွန်တော့်ရဲ့ ဒီရာသီ ပစ်မှတ်ကတော့ ဖလား ၄လုံး ချန်ပီယံ ဖြစ်ဖို့ပါပဲ။ ရှုံးထွက်ပြိုင်ပွဲတွေက ဘောလုံးလောကရဲ့ သဘာဝကို ကောင်းကောင်းကြီး သက်သေပြနေတဲ့ အရာတွေပါပဲ။ ကျွန်တော်တို့အသင်းဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့က အဲ့ဒီလို စိတ်ဓာတ်မျိုးကို အမြဲတမ်း မွေးထားရပါမယ်” လို့ ကြွေးကြော်သွားခဲ့တာပဲ ဖြစ်ပါတယ်။