ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ညာနောက်ခံလူ အာနိုးလ်နဲ့ ကွင်းလယ်လူ သီယာဂို အယ်ကန်တာရာတို့ဟာ ဒဏ်ရာပြဿနာတွေကြောင့် တနင်္ဂနွေနေ့မှာ ကစားမယ့် လီဗာပူးအသင်းနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ရဲ့ ပွဲစဉ်ကို လွဲချော်ကြမယ်လို့ သိရပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၆ပွဲ ပါဝင် ကစားပေးထားကာ ဂိုးဖန်တီးမှု ၃ကြိမ် အထိ ပြုလုပ်ပေးထားနိုင်တဲ့ ညာနောက်ခံလူ အာနိုးလ်ဟာ ကြွက်သားဒဏ်ရာကြောင့် လီဗာပူးအသင်းက ပေါ်တိုအသင်းကို ၁-၅ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရတဲ့ ပွဲစဉ်ကို လွဲချော်ခဲ့သူပါ။

Photo Credit: Goal

တဖက်မှာလည်း ယခုနှစ် ဘောလုံးရာသီ အစမှာ လီဗာပူးအသင်း အတွက် အခရာကျခဲ့တဲ့ စပိန်လက်ရွေးစင် ကွင်းလယ်လူ အယ်ကန်တာရာဟာ ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် လီဗာပူးအသင်းရဲ့ နောက်ဆုံး ၃ပွဲစလုံးကို လွဲချော်ထားပါတယ်။

မန်ချက်စတာ စီးတီးအသင်းနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ လီဗာပူးအသင်း နည်းပြ ကလော့ပ်က ဒဏ်ရာပြဿနာတွေ အသီးသီး ရှိနေကြတဲ့ အာနိုးလ်နဲ့ အယ်ကန်တာရာတို့ဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ ပွဲစဉ်အမီ ပြန်လည် သက်သာလာဖို့ မရှိကြောင်း အတည်ပြုခဲ့ပါတယ်။

Photo Credit: Goal

အာနိုးလ်နဲ့ အယ်ကန်တာရာတို့ရဲ့ ဒဏ်ရာပြဿနာတွေနဲ့ ပတ်သတ်ပြီး ကလော့ပ်က – “ အခုချိန်အထိ သတင်းသစ်တွေ မရသေးပါဘူး။ ဆိုလိုတာက သူတို့နှစ်ယောက်စလုံးဟာ ဒဏ်ရာကနေ ပြန်လည် သက်သာလာအောင် အကောင်းဆုံး ကြိုးစားနေပေမယ့် မန်ချက်စတာ စီးတီးနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ မရှိပါဘူး။ သူတို့နှစ်ယောက်လုံး နိုင်ငံတကာ ရက်သတ္တပတ်တွေ အပြီးမှာ အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အသင်းကောင်း တသင်း ရှိနေဆဲ ဖြစ်ပြီး သူတို့ မပါပေမယ့် အသင်းတသင်း အနေနဲ့ အကောင်းဆုံး ကစားနိုင်မယ့် နည်းလမ်းတွေ ရှိပြီးသားပါ” လို့ အတည်ပြု ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။